ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

လက်နက်ကြီးကျည်ကျ၍ ဓာတ်ကြိုးပြတ်သဖြင့် မီးမရဖြစ်ခဲ့သောမောင်တောနှင့် ဘူးသီးတောင်တို့တွင် ၄ရက်ကြာမှ လျှပ်စစ်မီးပြန်ရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၉ သြဂုတ် ၂၀၂၀
  • | ကြည့်ရှုသူ: 896

ဆောင်းဇာခြည်
နိရဥ္စရာ၊ သြဂုတ် ၂၉/ ၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ မောင်တောနှင့် ဘူးသီးတောင်တို့တွင် လျှပ်စစ်မီး ၄ ရက်ကြာပြတ်တောက်နေပြီးမှ ယမန်နေ့ ည ၁ဝ နာရီ ၁ဝ မိနစ်ခန့်က မီးပြန်လည်ရရှိကြောင်း သတင်းရရှိသည်။

လျှပ်စစ်တာဝါတိုင်အား ယမန်နေ့က ပြန်လည်ပြုပြင်လိုက်ပြီးနောက် လျှစ်စစ်မီး ရရှိခဲ့ခြင်း ဖြစ်ကြောင်း  ဘူးသီးတောင်မြို့နယ်မှ လျှပ်စစ်အင်ဂျင်နီယာက ပြောသည်။

“မနေ့က ကျွန်တော်တို့ မနက် ၇ နာရီလောက်ကစလုပ်တာ။ တစ်နေကုန်လုပ်ရတာပေါ့။ ပုဏ္ဏားကျွန်းက လျှပ်စစ်အဖွဲ့နဲ့ ကျွန်တော်တို့ ဘူးသီးတောင် လျှပ်စစ်အဖွဲ့ပေါင်းပြီး ပြင်ကြရတာ။  လက်နက်ကြီး ထိတာလား ဆိုတာကို ကျွန်တော်တို့က အသေချာပြောလို့ မရဘူးပေါ့နော်။ လုပ်တဲ့အခါမှာ ကျွန်တော်တို့ အခက်ခဲတွေလည်း ရှိပါတယ်။ တာဝါတိုင်တစ်ခုကို ပြင်ရတာ ဆိုတော့လေ။ ပြန်ပြင်လို့ ပြီးတာကတော့ ကျွန်တော်တို့ ည ၈ နာရီကျော်လောက်မှာ ပြီးတာပါ” ဟု ယင်း လျှပ်စစ်အင်ဂျင်နီယာက နိရဥ္စရာသို့ ပြောသည်။

ပြီးခဲ့သည့် သြဂုတ် ၂၄ ရက်နေ့က ရသေ့တောင်မြို့နယ်၊ ညောင်ပင်လှကျေးရွာနှင့် ရေမျက်ကျေးရွာ အကြား၌ ရှိသည့် လျှပ်စစ်တာဝါတိုင် ဓါတ်ကြိုးတစ်ပင် လက်နက်ကြီးကျည်စ ထိမှန်ခဲ့မှုကြောင့် ပြတ်တောက်သွားခဲ့ပြီး  မောင်တောနှင့် ဘူးသီးတောင်မြို့တို့တွင် ၎င်းနေ့မှစပြီး လျှပ်စစ်မီး ပြတ်တောက်သွားခဲ့သည်။

အဆိုပါနေ့က AA တပ်ဖွဲ့ဝင်များက မင်းကျွန်းအနီးမှ နေ၍  မေယုမြစ်ထဲ သွားလာနေသော ရေတပ်ဇက်ရေယာဉ် တစ်စီးကို လက်နက်ကြီးဖြင့် တိုက်ခိုက်ခဲ့သဖြင့် အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွားစဉ် လျှပ်စစ်ဓာတ်ကြိုးကို လက်နက်ကြီးကျည် ထိမှန်ခဲ့သည်ဟု ဒေသခံများက ပြောကြားသည်။

ဘူးသီးတောင်မြို့မှ ကိုမောင်နိုင်ဝင်းက “အဲဒီ နေ့ကတည်းက ပြတ်တောက်နေခဲ့တာ ၄ ရက်လောက်ရှိပြီ။  မီးက မနေ့ သြဂုတ်၂၈ ရက်နေ့ ညဉ့် ၁ဝ နာရီ လောက်မှာရပါတယ်” ဟု နိရဥ္စရာသို့ ပြောသည်။

အလားတူ မောင်တောမြို့တွင်လည်း ၂၈ ရက်နေ့ ညအချိန်က မီးပြန်လည်ရရှိကြောင်း မြို့ခံများ ပြောပြချက်အရ သိရသည်။

ဆက်စပ် သတင်းများ