စနေ၊ ဧပြီလ ၂၀ရက်၊ ၂၀၂၄

အင်တာနက်လိုင်းပြန်ဖွင့်ပေးရန် တိုက်တွန်းသည့်အရေးကြီးအဆို ပြည်သူ့လွှတ်တော်တွင် ဆွေးနွေးခွင့်မရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၈ ဇူလိုင် ၂၀၁၉
  • | ကြည့်ရှုသူ: 9.4k

မာန်ယုကျော် (ရွှေဝမြေ)
စစ်တွေ၊ ဇူလိုင် ၁၈/ ၂ဝ၁၉

ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်ရှိ မြို့နယ် ၉ မြို့နယ်တွင်ပိတ်ထားသည့် အင်တာနက်လိုင်းကိုပြန်ဖွင့်ပေးရန် ပြည်သူ့လွှတ်တော်မှတဆင့် နိုင်ငံတော်အစိုးရအား တိုက်တွန်းသည့်အရေးကြီးအဆိုကို ဆွေးနွေးခွင့်မရခဲ့ဘဲ ပယ်ချခံလိုက်ရကြောင်းသိရသည်။
 
၎င်းအဆိုအား ရသေ့တောင်မြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ဇူလိုင်လ ၁၇ ရက်နေ့တွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌထံ တင်သွင်းခဲ့သော်လည်း ၄င်းအဆိုသည် လတ်တလောဖြစ်ပျက်နေသည့် အခြေအနေနှင့် ကိုက်ညီမှုမရှိဟုဆိုကာ ယနေ့ ဇူလိုင်လ ၁၈ ရက်နေ့တွင် ဆွေးနွေးခွင့်မပေးဘဲ ပယ်ချခံလိုက်ရခြင်း ဖြစ်သည်ဟု ဒေါ်ခင်စောဝေက နိရဥ္စရာကို ပြောသည်။
 
"ကျမတို့ကတော့ ဥပဒေ၊ နည်းဥပဒေအရ ပြည်သူ့လွှတ်တော်ရဲ့နည်းဥပဒေအရဆိုရင် အရေးကြီးတစ်ခုကို အရေးတကြီးအဆိုဆိုတာ လတ်တလောအခြေအနေမှာဖြစ်နေတဲ့ အဆိုဖြစ်ရပါ့မယ်။ အဲဒီအတွက် ကျမတို့က ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဆီကို တင်ရပါတယ်။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကို မနေ့ကတည်းက နေ့စွဲနဲ့တင်တယ်။ မနေ့ကတော့ ပြည်ထောင်စုလွှတ်တော်မှာပါ။ ဒီနေ့ ပြည်သူ့လွှတ်တော်မှာရောက်တော့ ဒီအဆိုကို တင်ခွင့် မပြုဘူးဆိုတာကိုပဲ သိရပါတယ်။ အဲဒီတော့ အကျိုးအကြောင်းကို မေးကြည့်လိုက်တဲ့အခါ ဒီအဆိုသည် လတ်တလောဖြစ်ပျက်နေတဲ့အဆိုမဟုတ်ဘူးဆိုတာကိုတော့ အကြမ်းအားဖြင့် သိရပါတယ်။ ကျမတို့ လွှတ်တော်ကိုယ်စားလှယ်တွေကို ဒီမှာ ရှိတဲ့ ညွှန်/ချုပ်တဆင့် ပြောခိုင်းပါတယ်။  ဒါပေမယ့် ဒီနေ့အချိန်ထိ အင်တာနက်လိုင်းတွေကို မဖွင့်ပေးတာသည် လတ်တလောအခြေအနေအရ ဖြစ်နေတယ်လို့ သတ်မှတ်လို့ ရပါတယ်" ဟု ဒေါ်ခင်စောဝေက ပြောသည်။
 
တိုက်ပွဲများဖြစ်ပွားနေသည့် ရခိုင်ပြည်နယ်ရှိ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြားနှင့် မြေပုံစသည့် မြို့နယ် ၈ မြို့နယ်အပါအဝင် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့တွင် အင်တာနက်လိုင်းများ အပိတ်ခံထားရသည့်အတွက် အဆိုပါဒေသများမှ ဒေသခံများ၊ စစ်ဘေးရှောင်များ၊ အစိုးရဝန်ထမ်းများနှင့် ကုမ္ပဏီများမှာ အခက်အခဲအကြီးအကျယ်နှင့် ရင်ဆိုင်နေရပြီး မကြာသေးခင်ရက်ပိုင်းကလည်း အဆိုပါဒေသများတွင် ရေလွှမ်းမိုးမှုဒဏ်ကိုကြုံတွေ့ခဲ့ရာ အင်တာလိုင်းမရှိခြင်းကြောင့် ကူညီကယ်ဆယ်ရေး လုပ်ပေးမည့်သူများနှင့် ရေဘေးသင့်ပြည်သူများအတွက် အခက်အခဲများနှင့် ရင်ဆိုင်ခဲ့ရ၍ ယခုအဆိုကို တင်သွင်းရခြင်းဖြစ်သည်ဟု ဒေါ်ခင်စောဝေက ပြောသည်။
 
"ဒီအင်တာနက်ကြောင့် အခုဆိုလို့ရှိရင်ပေါ့နော်။ မီဒီယာတွေ၊ နောက်တစ်ခါ ကျမတို့ဘက်မှာ တိုက်ပွဲဖြစ်နေတဲ့ နေရာတွေရှိပါတယ်။ စစ်ဘေးရှောင်နေတဲ့ပြည်သူတွေအတွက်လည်း အခက်အခဲရှိပါတယ်။ အချိန်နဲ့တပြေးညီမတင်နိုင်တဲ့အတွက် လူ့အခွင့်အရေးချိုးဖောက်ခံရတာတွေကိုလည်း ကျမတို့အနေနဲ့ ဘာမှ သိခွင့်လည်း မရတော့ဘူး။ နောက်တစ်ခါ ကျောင်းသားမိဘတွေ၊ အစိုးရဝန်ထမ်းတွေ၊ ကုမ္ပဏီတွေဆိုလည်း သူတို့နဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို အင်တာနက်က ဘယ်လိုမှယူလို့မရတဲ့အခြေအနေတွေရှိတဲ့အတွက် အရမ်းကြီး အခက်အခဲကြုံနေရတယ်ဆိုတာကိုပဲ သိရပါတယ်။ အဲဒီအတွက်ကြောင့် ဒီလိုပြည်သူတွေရဲ့ခံစားချက်တွေကို ပြည်သူ့အစိုးရအနေနဲ့ပေါ့နော်။ လုပ်ပေးဖို့တော့ ကျမတို့ကတောင်းဆိုချင်တယ်။ လုပ်လည်း လုပ်ပေးသင့်တယ်။ ဒါပေမယ့် သူတို့က တစ်ဘက်သတ်အမြင်နဲ့ပဲ ကျမတို့ကို ပိတ်ထားတာဖြစ်တယ်။ အဲဒီတော့ ဆက်သွယ်ရေးပုဒ်မအရပေါ့နော်။ အစိုးရက လုပ်ပိုင်ခွင့်ရှိတာတော့ မှန်ပါတယ်။ ဒါပေမယ့်လည်း နိုင်ငံသားအခွင့်အရေးကိုတော့ ပိတ်ပင်တယ်လို့ ကျမအနေနဲ့ ပြောချင်ပါတယ်"ဟု ဒေါ်ခင်စောဝေက ဆက်လက်ပြောသည်။
 
တိုက်ပွဲဖြစ်ပွားနေသည့် ရခိုင်ရှိ မြို့နယ် ၈ ခုနှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့တွင် အသုံးပြုနေသည့် MPT၊ Telenor ၊ Ooredoo နှင့် Mytel အစရှိသည့် ဆက်သွယ်ရေးကုမ္ပဏီများကို အင်တာနက်လိုင်းများ ဖြတ်တောက် ထားရန် ဇွန်လ ၂၁ ရက်နေ့မှစတင်ကာ ဆက်သွယ်ရေးဝန်ကြီးဌာနက ညွှန်ကြားခဲ့ခြင်းဖြစ်သည်။

အင်တာနက်လိုင်း ပိတ်ထားခြင်းနှင့် ပတ်သက်ပြီးရသေ့တောင်မြို့ပေါ်မှ ဆရာမ တစ်ဦးက “ အင်တာနက် ပိတ်လိုက်တာ သတင်းအမှောင်ချတာနဲ့ အတူတူဘဲ။ လူတွေအများစု သတင်းတွေ မသိရတော့ဘူး။ ရသေ့တောင်မြို့နယ်က လူတွေ အရင်ဆိုရင် သတင်းတွေကို ဖေ့စ်ဘုတ်ဖွင့်ထားတော့ အကုန်လုံး သိရတယ်။ အခုက နိုင်ငံရေးနဲ့ ပတ်သက်တာလည်း မသိရတော့ဘူး။ စစ်ပြေးရှောင်သတင်းတွေလည်း မသိရသလောက် ဖြစ်နေပါတယ်။ ဒီနှစ် တက္ကသိုလ်ဝင်တဲ့ ကျောင်းသားတွေဆိုရင် ပညာသင်ထောက်ပံ့ကြေးက အစ သူတို့ရဲ့ ပညာရေးနဲ့ ပတ်သက်ပြီး ဘာသတင်းမှ မရဘဲ ဖြစ်နေပါတယ်။ ဘဏ်တွေရော၊ အကုန်လုံး၊ အစိုးရရုံးတွေရော အကုန်လုံး အခက်အခဲ ဖြစ်နေပါတယ်။ ဒါကြောင့် အင်တာနက်လိုင်းတွေ အမြန်ပြန်ဖွင့်ပေးဖို့ လိုလားပါတယ်ရှင်” ဟု ပြောကြားသည်။

ယင်းသို့ အင်တာနက်လိုင်းအပိတ်ခံလိုက်ရပြီးနောက် ဒေသနေပြည်သူများ အခက်အခဲများနှင့် ရင်ဆိုင်နေရသည့်အတွက် အင်တာနက်လိုင်းကိုအမြန်ဆုံးပြန်လည်သုံးစွဲခွင့်ပြုရန်  ပြည်ထောင်စုအစိုးရသို့ တိုက်တွန်းသည့်အဆိုအား ဇွန်လ ၂၆ ရက်နေ့တွင်ပြုလုပ်ခဲ့သည့် ရခိုင်ပြည်နယ်လွှတ်တော်ကလည်း ကန့်ကွက်သူမရှိ အတည်ပြုတောင်းဆိုထားပြီဟု သိရသည်။


ဆက်စပ် သတင်းများ