ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

တိုက်ပွဲသင့် ရခိုင်ပြည်သူများအား ပြည်ထောင်စုလွှတ်တော်က စာနာထောက်ထားမှုပျက်ကွက်နေဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၈ နိုဝင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 5.3k

မာန်ယုကျော် (ရွှေဝမြေ)
စစ်တွေ၊ နိုဝင်ဘာ ၁၈ / ၂ဝ၁၉

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲကြောင့်ဒုက္ခရောက်နေသည့် ရခိုင်ပြည်သူများအား ပြည်ထောင်စုလွှတ်တော်က စာနာထောက်ထားမှုနှင့် တရားမျှတအကာအကွယ်ပေးမှုသည် ပျက်ကွက်နေသည်ဟု အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်ထုမေက ထောက်ပြဝေဖန်လိုက်သည်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးဝှေ့တင်းနှင့်အတူ AA အဖွဲ့က ဖမ်းဆီးထားသူများအား အမြန်ဆုံး ပြန်လွှတ်ပေးရေး တိုက်တွန်းသည့်အရေးကြီးအဆိုအား ယနေ့ နိုဝင်ဘာလ ၁၈ ရက်နေ့ကပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေး၌ ဆွေးနွေးကြရာတွင် ဒေါ်ထုမေက ယခုကဲ့သို့ ထည့်သွင်း ပြောကြားသွားခြင်းဖြစ်သည်။

"ကျမတို့ လွှတ်တော်အနေနဲ့ ရခိုင်ပြည်သူများ တိုက်ပွဲအတွင်းသော်လည်းကောင်း၊ တိုက်ပွဲများဖြစ်ပွားခြင်းမရှိဘဲနဲ့ ပုံစံတစ်မျိုးမျိုးနဲ့ နည်းလမ်းအသွယ်သွယ်ဖမ်းဆီးခံရခြင်းကြောင့်လည်းကောင်း၊ သတ်ဖြတ်ခံရခြင်းအပေါ် စာနာ ထောက်ထားကြောင်း၊ အလေးအနက်ထားကြောင်း၊ ပါဝင်ပတ်သက်သူအားလုံးကို ပြင်းပြင်းထန်ထန်ရှုံ့ချကြောင်း ပြုလုပ်ရန် ယနေ့ အရေးကြီးအဆိုတင်သွင်းချိန်ထိ ပျက်ကွက်နေကြောင်း လေးစားစွာနဲ့ ထောက်ပြဆွေးနွေးလိုပါတယ်။ တိုက်ပွဲကြားမှာ အပြစ်မဲ့ပြည်သူတွေ သေကြေပျက်စီးမှုအပေါ် တိတ်ဆိတ်နေခြင်းဟာ တရားမျှတမှုမရှိသလို လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ကိုယ်စားပြုမှုကို ယခုအချိန်မှာ ပြည်သူတွေက မေးခွန်းထုတ်နေကြပါတယ်။ လွှတ်တော်ကိုယ်စားလှယ်များအပေါ်မှာ မေးခွန်းထုတ်လာတာဟာ ကျမတို့ ဒီမိုကရေစီအရည်အသွေးကို မေးခွန်းထုတ်တာနဲ့အတူတူပါပဲရှင်။ မတရားဖမ်းဆီးထိန်းသိမ်းမှု၊ အသက်သေဆုံးသည်အထိ ညှင်းပန်း နှိပ်စက်မှုတွေဟာလည်း ဥပဒေပြင်ပဖြစ်တဲ့အတွက် မည်သူမျှ မလုပ်ထိုက်ကြောင်း၊ ကျမတို့ လွှတ်တော်က အလယ်မှ တည့်မတ်စွာရပ်တည်ပြီး တရားမျှတခြင်းကို ဖော်ဆောင်ရမှာဖြစ်ပါတယ်။"ဟု ဒေါ်ထုမေက လွှတ်တော်အစည်းအဝေးတွင် ပြောဆိုခဲ့သည်။

ရခိုင်ပြည်နယ်တွင်ဖြစ်ပွားနေသည့်တိုက်ပွဲများကြောင့် ဒေသခံရခိုင်ပြည်သူများသည် ရာနှင့်ချီ ဖမ်းဆီး ထိန်းသိမ်းခံရခြင်း၊ တိုက်ပွဲများအကြား လက်နက်ထိ၍ သေကြေပျက်စီးခဲ့သော ကလေးသူငယ်များ၊ ကိုယ်ဝန်ဆောင်များနှင့် အပြစ်မဲ့ပြည်သူများစွာရှိနေသည်ဟု ဒေါ်ထုမေက ပြောသည်။

၂ဝ၁၈ ခုနှစ် ဒီဇင်ဘာလမှ ၂ဝ၁၉ အောက်တိုဘာအထိ အရပ်သားထိခိုက်သေဆုံးမှု ၈ဝ ကျော်ရှိပြီး ထိခိုက် ဒဏ်ရာရသူ ၁ဝဝ ကျော်ရှိသည့်အပြင် ဒေသအာဏာပိုင်များ ဖမ်းဆီးထိန်းသိမ်းစစ်ဆေးခံရပြီးနောက် သေဆုံးခဲ့ရသည့် ရခိုင်ပြည်သူများလည်း ရှိနေသည်ဟု ဆိုသည်။ ပုံမှန်သွားလာလျက်ရှိသည့်လမ်းခရီးစဉ်တွင် စစ်ဆေးခံရလျှင် ရပ်တန့်ခြင်းမရှိဆိုသည့်အကြောင်းပြချက်နှင့် လက်နက်များဖြင့် ပစ်ခတ်မှုကြောင့် ကိုယ်ဝန်ဆောင် မိခင်အပါအဝင် သေဆုံးခဲ့ရသည့် အပြစ်မဲ့ ပြည်သူများလည်း မကြာသေးမီအချိန်ထိ ရှိနေသေးသည်မှာ အားလုံးအသိပင် ဖြစ်သည်ဟုလည်း ဒေါ်ထုမေက ဆက်ပြောသည်။

"တိုက်ပွဲခံစားနေရတဲ့ တိုင်းရင်းသားပြည်သူများနဲ့အတူ ရပ်တည်ကြောင်း၊ ပါဝင်ပတ်သက်နေတဲ့ ဘက်အားလုံးက ပြည်သူများ မထိခိုက်စေရေးကို အလေးထားရမည်ဖြစ်ကြောင်း၊ ကျမတို့ လွှတ်တော်က မျှတတဲ့ သတင်းစကားပေးဖို့ လိုအပ်နေပါတယ်။ ယနေ့ ရခိုင်ပြည်နယ်မှာ ပြည်သူများမတရားခံရမှုအပေါ် တရားမျှတမှုအကာအကွယ်ပေးမှုဟာ အရေးတကြီးလိုအပ်နေပါတယ်။ ပြည်သူများအပေါ်မှာ တရားမျှတမှု ကင်းမဲ့စွာ ဆက်ဆံမှု၊ တရားဥပဒေဘောင်ပြင်ပမှ ဆောင်ရွက်မှု၊ အပြစ်မဲ့ပြည်သူများကို မခိုင်လုံတဲ့ သံသယများနဲ့ ဖမ်းဆီးထိန်းသိမ်းမှု၊ ညှင်းပန်း နှိပ်စက် သေကြေမှု အားလုံးကို မည်သူက ဆောင်ရွက်သည်ဖြစ်စေ၊ လွှတ်တော်အနေနဲ့ ပြည်သူတွေဘက်မှ မားမားမတ်မတ် ရပ်တည် အကာအကွယ်ပေးသင့်ပါကြောင်းနဲ့ ယင်းသို့ အကာအကွယ်ပေးရာမှာလည်း ဒါကတော့ လွှတ်တော် ကိုယ်စားလှယ်၊ ဒါကတော့ သာမန်ပြည်သူဆိုပြီးတော့ ခွဲခြားမှုမပြုသင့်ပါကြောင်း အကြံပြုဆွေးနွေးရင်းနဲ့ နိဂုံးချုပ်အပ်ပါတယ်"ဟု ဒေါ်ထုမေက ဆိုသည်။

အလားတူ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)လက်မှတ်မထိုးရသေးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများအား ပြည်တွင်းငြိမ်းချမ်းရေးရယူရာတွင်ပါဝင်လာနိုင်အောင် ပြည်ထောင်စုလွှတ်တော်က တိုက်တွန်းသည့်အဆိုဖြင့် ပူးပေါင်းပါဝင်သင့်သည်ဟုလည်း ရသေ့တောင်မြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက အကြံပြုဆွေးနွေးသွားသည်။

"ဒီဇင်ဘာ ၁၂ ရက်နေ့ကကျင်းပတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးနဲ့ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က NCA လက်မှတ်မထိုးရသေးတဲ့ လက်နက်ကိုင် အဖွဲ့အစည်းများကို ငြိမ်းချမ်းရေးလမ်းပေါ်မှာ လျှောက်လှမ်းဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။ ထို့အတူပါပဲ နိုင်ငံတော်၏ အတိုင်ပင်ခံကလည်း ငြိမ်းချမ်းရေးရရှိအောင် မဖြစ်မနေလုပ်ကြဖို့ အခါမလပ် တိုက်တွန်းပြောဆိုနေတာတွေကို တွေ့ရှိနေရပါတယ်။ ဒီလို နိုင်ငံခေါင်းဆောင်တွေက သွေးကို မေတ္တာရည်နဲ့ ဆေးကြောဖို့ ကြိုးစားနေကြတဲ့အချိန်မှာ ကျမတို့ရဲ့ ပြည်ထောင်စု လွှတ်တော်ကလည်း ငြိမ်းချမ်းရေးရယူကြဖို့ တိုက်တွန်းတဲ့အဆိုမျိုးနဲ့သာ ပူးပေါင်း အားဖြည့် ပါဝင်သင့်ပါတယ်ရှင့်"ဟု ဒေါ်ခင်စောဝေက ပြောသည်။

ယင်းနေ့က ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ချင်းပြည်နယ်မဲဆန္ဒနယ်အမှတ်(၁၁)မှ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းအပါအဝင် ရက္ခိုင့်တပ်တော်(AA)က ဖမ်းဆီးထားသူများအား အမြန်ဆုံးပြန်လွှတ်ပေးရန် တိုက်တွန်းသည့်အရေးကြီးအဆိုအား လွှတ်တော်ကိုယ်စားလှယ် ၈ ဦးက ဆွေးနွေးခဲ့ကြသည်။

ယင်းနောက် လွှတ်တော်၏သဘောထားအား မဲစနစ်ဖြင့်ရယူရာတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူပေါင်း ၅၇၆ မဲအနက် ထောက်ခံမဲ ၃၇၆ မဲ၊ ကန့်ကွက်မဲ ၇ မဲ၊ ကြားနေမဲ ၃ မဲ၊ မဲမပေးသူ ၁၉ဝ ရှိခဲ့သော်လည်း  ထောက်ခံဆန္ဒမဲများသည့်အတွက် အဆိုအား ပြည်ထောင်စုလွှတ်တော်က အတည်ပြုကြောင်းကြေညာခဲ့သည်။

ဆက်စပ် သတင်းများ