ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

ရခိုင်တိုက်ပွဲနှင့်ပတ်သက်ပြီး ကုလအထူးကိုယ်စားလှယ်က ရခိုင်လွှတ်တော် ဥက္ကဋ္ဌကို မေးခွန်းတချို့မေးမြန်း


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၈ နိုဝင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 2.7k

စိုးဇံအောင်
နိရဥ္စရာ၊နိုဝင်ဘာ ၁၈

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ခရစ္စတင်းရှာနေး ဘာဂျန်နာ(Ms. Christine Schraner Burgener) နှင့် အဖွဲ့သည် ယနေ့နေ့လယ် ၁နာရီက ရခိုင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌနှင့် တွေ့ဆုံခဲ့ပြီး ရခိုင်တိုက်ပွဲနှင့်ပတ်သက်ပြီး မေးခွန်းတချို့ကို မေးမြန်းသွားခဲ့သည်ဟု သတင်းရရှိသည်။

ရခိုင်တွင်ဖြစ်ပွားနေသည့်တိုက်ပွဲအခြေအနေအပါဝင် တိုက်ပွဲကြောင့် စစ်ဘေးသင့်နေသည့် အရပ်သားများနှင့် ပတ်သက်ပြီး အထူးကိုယ်စားလှယ်နှင့် အဖွဲ့က မေးမြန်းမှုများ ပြုလုပ်ခဲ့သည်ဟု ရခိုင်ပြည်နယ်လွှတ်တော် ဥက္ကဌ ဦးစံကျော်လှက နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

“မေးခွန်းမေးတာကတော့ အခုလက်ရှိ AA နဲ့ဖြစ်နေတဲ့ တိုက်ပွဲအခြေအနေ၊ဒီတိုက်ပွဲရဲ့ နောက်ဆုံး ဘယ်လို အဆုံးသတ်နိုင်မလဲဆိုတဲ့ အခြေအနေ၊ပြီးတော့ တိုက်ပွဲကြောင့် ပြည်သူတွေ ဒုက္ခရောက်နေရတယ်ဆိုတဲ့ အခြေအနေတွေပေါ့”ဟု ဦးစံကျော်လှ က ပြောသည်။

လက်ရှိ ဖြစ်ပွားနေသည့် ရခိုင်တိုက်ပွဲတွင် ကြားမှ ဝင်ရောက်ဖြန်ဖြေပေးမည့် Third party (တတိယအင်အားစု) တစ်ခု လိုအပ်သည်ဟု အထူးကိုယ်စားလှယ်အဖွဲ့ကအကြုံပြုခဲ့ကြောင်း ဦးစံကျော်လှက ဆက်ပြောသည်။

“သူတို့ ထောက်ပြတာကတော့ တိုက်ပွဲတွေမှာ Third party တစ်ခုဟာ လိုအပ်တယ်။ကြားမှာ စကားပြောဖို့ အတွက်ပေါ့။ သူတို့ကတော့ အဲလို အကြံပြုတယ်။တိုက်ပွဲနဲ့ ပတ်သက်လို့ကတော့ သူတို့က ဘယ်လိုဘယ်လို ဆိုပြီးတော့ မှတ်ချက်မပြုပါဘူး”ဟု ပြောသည်။

အလားတူ ရခိုင်ပြည်နယ် လွှတ်တော်ဘက်ကလည်း ရခိုင်စစ်ဘေးရှောင်များကို ကူညီထောက်ပံ့ပေးရန် အထူးကိုယ်စားလှယ်နှင့် အဖွဲ့ကို တင်ပြခဲ့ကြောင်း သိရသည်။

“စစ်ဘေးရှောင်နဲ့ ပတ်သက်လို့ကတော့ ကျွန်တော်တို့ရဲ့ ရခိုင်ပြည်သူတွေဟာ သူတို့ကို ကူညီထောက်ပံ့ပေးနေ ရတဲ့ အခြေအနေဟာ မနိုင်ဝန်ထမ်းသလို ဖြစ်နေတယ်။အဲဒါကြောင့် သူတို့ကို အကူအညီပေးဖို့။အစိုးရဆီက ပေးတဲ့ဟာလည်း ဒုက္ခသည်တွေနဲ့ ဘယ်လိုမှ လုံလောက်မှုမရှိဘူး။ဒီအခက်အခဲတွေကို ပြောလိုက်ပါတယ်”ဟု ဦးစံကျော်လှက ပြောကြားသည်။

 အထူးကိုယ်စားလှယ် ခရစ္စတင်းရှာနေး ဘာဂျန်နာနှင့် အဖွဲ့သည် ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ နှင့် တွေ့ဆုံပြီးနောက် ညနေပိုင်းတွင် နိုင်ငံရေးပါတီတချို့နှင့်လည်း တွေ့ဆုံခဲ့သည်။

ထိုအဖွဲ့သည် နိုဝင်ဘာလ ၁၇ ရက်နေ့ ညနေပိုင်းက စစ်တွေလေဆိပ်ကိုရောက်ရှိခဲ့ပြီး ယနေ့နံနက်ပိုင်းတွင် မောင်တောမြို့သို့ သွားရောက်ကာ ရခိုင်၊ဟိန္ဒူ မွှတ်ဆလင် လူမျိုးတချို့နှင့် တွေ့ဆုံခဲ့သလို ဘင်္ဂလားဒေ့ရှ်မှ မောင်တော ဒေသသို့ မိမိသဘော ဆန္ဒအလျောက် ပြန်လည်ဝင်ရောက်လာသူများနှင့် မောင်တောခရိုင်အ ထွေထွေ အုပ်ချုပ်ရေးမှူးရုံးတွင် တွေ့ဆုံခဲ့သည်။
 
 ဓါတ်ပုံ-ရခိုင်ပြည်နယ်လွှတ်တော်

ဆက်စပ် သတင်းများ