စနေ၊ ဧပြီလ ၂၇ရက်၊ ၂၀၂၄

ရခိုင်အမတ်ကိုတရားစွဲခြင်းသည် ဒေသအတွင်း သတင်းပို၍အမှောင်ကျစေမည်ဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၉ မတ် ၂၀၂၀
  • | ကြည့်ရှုသူ: 6.3k

နီမင်းထွန်း
နိရဥ္စရာ၊ မတ် ၉/၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ အမှတ် (၉) မဲဆန္ဒနယ်မြေ ဘူးသီးတောင်မြို့နယ် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးမောင်ကျော်ဇံအား တပ်မတော်မှ ဆက်သွယ်ရေးပုဒ်မ ၆၆(ဃ) ဖြင့် တရား စွဲဆိုခြင်းသည် ရခိုင်ဒေသအတွင်း ပို၍ သတင်းအမှောင်ကျစေမည်ဟု မြေပုံမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက ပြောကြားသည်။

“ ရခိုင်ပြည်နယ် အတွင်းမှ မြို့နယ်(၈)မြို့နယ်ကိုလည်း အင်တာနက်လိုင်းဖြတ်ထောက်ထားပြီး ဒေသတွင်း လူထုကို ကိုယ်စားပြုပြီး ပြောရေးဆိုခွင့်ရှိနေတဲ့  လွှတ်တော် ကိုယ်စားတွေကို မပြောရဲအောင် ယခုလို တရားစွဲဆိုခြင်းဟာ ဒေသအတွင်း သတင်းတွေ ပို၍ အမှောင် ကျစေနိုင်ပါတယ်” ဟု မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက ထောက်ပြ ပြောဆိုသည်။

ရခိုင်ပြည်နယ်တွင် အင်တာနက်လိုင်းများ ဖြတ်တောက်ခံထားရပြီး သတင်းအမှောင်ကျနေချိ်န်တွင် ပြည်သူ လူထုကိုယ်စား  တာဝန်ခံမှု တာဝန်ယူမှုနှင့် သတင်းဌာနများသို့ ပြောနိုင်ဆိုနိုင်သည့် လွှတ်တော်ကိုယ်စားလှယ်များသာ ကျန်ရှိနေကြောင်း၊ ယခု တစ်ဖန် လွှတ်တော်အမတ်တစ်ဦးကို မီဒီယာတစ်ခုသို့ ပြောဆို၍ တရားစွဲဆိုခြင်းသည် လွှတ်တော်ကိုယ်စားလှယ်များအား နောင်တွင် မပြောနိုင် မဆိုနိုင်အောင် ပြုလုပ်ခြင်းနှင့် တူနေ၍ ရခိုင်ပြည်နယ်တွင် သတင်းအမှောင် ပိုကျသွားနိုင်သည်ဟု ၎င်းက ပြောဆိုသည်။

“ ဒီလိုလုပ်လိုက်တဲ့ အတွက် တိကျခိုင်မာတဲ့ သတင်းတွေ နောက်ဆို ထွက်ပေါ်လာဖို့ မလွယ်တော့ဘူး။ ဒီအတွက် ကောလာဟလ သတင်းတွေနဲ့ မယုံကြည်ရတဲ့ သတင်းတွေသာ အများကြီး ပိုများလာလိမ့်မယ်။ ရခိုင်မှာ သတင်းတစ်ခုခု ဖြစ်ရင် တရားဝင် အတည်ပြု ပေးနိုင်တာက လွှတ်တော် အမတ်တွေသာ ဖြစ်တယ်။ ဒီလို တရားစွဲတဲ့ အတွက် နောင်ဆိုရင် ဘယ်သူမှ ပြောဝံ့တော့မှာ မဟုတ်ဘူး။ တစ်ယောက်မှ မပြောရဲဘူးဆိုရင် ဒီဒေသရဲ့ သတင်းဟာ ဒီထက် ပိုပြီး အမှောင်ကျလာနိုင်စရာရှိပါတယ်” ဟု ဦးဖေသန်းက ပြောဆိုသည်။

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမောင်ကျော်ဇံအား ကင်းတောင်ကျေးရွာတွင် လက်နက်ကြီးကျည်ကျ၍ လူသေဆုံးမှုနှင့် ပတ်သက်ပြီး ရိုက်တာ သတင်းဌာနကို  ဖြေကြားရာတွင် အချက်အလက် လွဲမှားနေသည်ဟု ဆိုကာ ဘူးသီးတောင် အခြေစိုက် စကခ ၁၅ ဒုဗိုလ်မှူးကြီး ပြည့်စုံအောင်မှ တရားလိုလုပ်ကာ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် ဘူးသီးတောင်မြို့နယ် တရားရုံးတွင် မတ်လ ၅ ရက်နေ့က တရားစွဲဆိုထားသည်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမောင်ကျော်ဇံက “ ဘူးသီးတောင်မြို့နယ် ကင်းတောင် ကျေးရွာမှာ လက်ကြီးကျည်ကျလို့ မူဆလင် အမျိုးသမီး ၂ ဦးသေဆုံးတယ်။ ၇ ဦး ဒဏ်ရာ ရသွားတယ်။ အဲဒီကိစ္စကို ရိုက်တာသတင်းဌာနကို သတင်းဖြေကြားတဲ့ အကြောင်းအရာနဲ့ ပတ်သက်လို့ တရားစွဲခံရတာဖြစ်တယ်။  အဲဒီ လက်နက်ကြီးကျည်ဟာ မြန်မာတပ်မတော်ကနေ  ပစ်လိုက်တဲ့ ကျည်ဖြစ်တယ်ဆိုတာ ဘူးသီးတောင်မြို့နယ် ဆေးရုံမှာ ဆေးကုသနေတဲ့ လူနာတွေကို ကိုယ်တိုင် သွားရောက် သတင်းမေးစဉ်မှာ ဒေသခံတွေဆီက တစ်ဆင့် သိခဲ့ရတယ်လို့ ရိုက်တာကို ပြောဆိုခြင်းသာဖြစ်တယ်။ ဒီလို ပြောဆိုတဲ့ အတွက် ၆၆ (ဃ)နဲ့ စွဲတာ ဖြစ်ပါတယ်” ဟု ပြောသည်။

စစ်တပ်မှ တရားစွဲဆိုခြင်း အပေါ် မည်သို့မှ မှတ်ချက်ချ မပြောလိုကြောင်း၊ တရားဥပဒေကြောင်း အရ ရင်ဆိုင် ဖြေရှင်းသွားမည်ဟု ပြောဆိုသည်။

ကင်းတောင်မူဆလင်ကျေးရွာတွင် ဇန်နဝါရီ ၂၅ ရက်နေ့က လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲ၍ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦး အပါအဝင် အမျိုးသမီး ၂ ဦးသေဆုံးပြီး ၇ ဦး ဒဏ်ရာ ရရှိခဲ့သည်။

၎င်းလက်နက်ကြီးမှာ ရက္ခိုင့်တပ်တော်  (AA) ကနေ ပစ်လိုက်သော လက်နက်ကြီးကျည် ဖြစ်ကြောင်း မြန်မာတပ်မတော်မှ စွပ်စွဲထားသော်လည်း အေအေကမူ ၎င်းလက်နက်ကြီးမှာ မြန်မာတပ်တော်က ပစ်လိုက်သော လက်နက်ကြီးကျည် ဖြစ်ကြောင်း ပြောဆိုထားသည်။

သူနှင့် အတူ ရိုက်တာသတင်းဌာနကိုလည်း တရားစွဲထားကြောင်း တရားစွဲခံထားရသည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမောင်ကျော်ဇံကပြောသည်။

တရားစွဲဆိုထားခြင်းနှင့်ပတ်သက်၍လည်း တရားရုံးတွင် ဥပဒေအရရင်ဆိုင်သွားမည်ဖြစ်ပြီး တရားရင်ဆိုင်နေချိန်တွင် ပြင်ပမှဖိအားပေးခြင်းများ၊ အမိန့်ပေးခြင်းများကိုမလုပ်ဖို့ကို တိုက်တွန်းလိုသည်ဟု ၄င်းကဆက်ပြောသည်။

-----------------------------------


နိရဉ်စရာ၊ မတျ ၉/၂ဝ၂ဝ













ဆက်စပ် သတင်းများ