စနေ၊ ဧပြီလ ၂၇ရက်၊ ၂၀၂၄

ဒုတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေး ကျင်းပ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၉ ဇွန် ၂၀၂၀
  • | ကြည့်ရှုသူ: 8.2k

နိရဥ္စရာ၊ ဇွန် ၉/၂ဝ၂ဝ

ဒုတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေး(၂/၂ဝ၂ဝ)ကို ၂ဝ၂ဝ ခုနှစ် ဇွန်လ(၈)ရက် တနင်္လာနေ့ နံနက် ၁ဝ နာရီအချိန်တွင် ရခိုင်ပြည်နယ်လွှတ်တော်ရုံး အစည်းအဝေး ခန်းမ၌ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။ 

“ အဓိက ၂ဝ၁၉-၂ဝ၂ဝ ခုဘဏ္ဍာရေးနှစ် ရခိုင်ပြည်နယ်၏ နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေး ဥပဒေကြမ်း” နှင့်စပ်လျဉ်းပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကိုယ်စား ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်း ဝန်ကြီး ဦးကျော်အေးသိန်းက တင်ပြပါတယ်။ ကန့်ကွက်မယ့်သူ၊ ဆွေးနွေးမယ့်သူ ရှိရင် စာရင်းတင်သွင်းဖို့ လွှတ်တော်ဥက္ကဋ္ဌက ပြောပါတယ်။ ပထမနေ့က ဒီလောက်နဲ့ ပီးသွားခဲ့ပါတယ်” ဟု မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က ပြောကြားသည်။

ဒုတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေးကို ယနေ့ ဇွန်လ ၉ ရက်နေ့တွင် တစ်နေ့ ရပ်နားပြီး ဇွန်လ ၁ဝ ရက်နေ့တွင် ဆက်လက် ဆွေးနွေးကြမည်ဟု သိရသည်။

ယမန်နေ့က ဆွေးနွေးပွွဲတွင်  “၂ဝ၁၉-၂ဝ၂ဝ ခုဘဏ္ဍာရေးနှစ် ရခိုင်ပြည်နယ်၏ နောက်ထပ် ဘဏ္ဍာငွေခွဲဝေသုံးစွဲရေး ဥပဒေကြမ်း” နှင့်စပ်လျဉ်း၍ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကိုယ်စား ဦးကျော်အေးသိန်း (ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်း) မှလည်းကောင်း၊ “၂ဝ၁၉-၂ဝ၂ဝ ခုဘဏ္ဍာရေးနှစ် ရခိုင်ပြည်နယ်၏ နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေး” အပေါ် ရခိုင်ပြည်နယ်လွှတ်တော် ပြည်သူ့ငွေစာရင်းကော်မတီ၏ လေ့လာတင်ပြသည့် အစီရင်ခံစာအား ပြည်သူ့ငွေစာရင်း ကော်မတီဥက္ကဋ္ဌ ဦးဇော်ဇော်မြင့်(ဘူးသီးတောင်-၁)မှ လည်းကောင်း၊ “၂ဝ၁၉-၂ဝ၂ဝ ခုဘဏ္ဍာရေးနှစ် ရခိုင်ပြည်နယ်၏ နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေး ဥပဒေကြမ်း” နှင့်စပ်လျဉ်းသည့် ဥပဒေဆိုင်ရာ သုံးသပ်ချက် အစီရင်ခံစာကို ဥပဒေပြုရေးကော်မတီ အတွင်းရေးမှူး ဦးဖိုးစံ (ကျောက်ဖြူမြို့နယ် လွှတ်တော်ကိုယ်စားလှယ်) မှလည်းကောင်း အသီးသီး ဖတ်ကြားတင်သွင်းခဲ့ကြောင်း ရခိုင်ပြည်နယ် လွှတ်တော်မှ တစ်ဆင့် သိရသည်။

“ ဒီ ဘဏ္ဍာငွေခွဲဝေသုံးစွဲရေး ဥပဒေကြမ်း အပါအဝင် ၂ဝ၁၉-၂ဝ၂ဝ ခုဘဏ္ဍာရေးနှစ် ရခိုင်ပြည်နယ်၏ နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေးနဲ့ ပတ်သက်ပြီး ကန့်ကွက်မယ့်သူတွေရှိမယ် မထင်ပါဘူး။ အရင်က ရထားတဲ့ သင်ခန်းစာတစ်ချို့လည်း ရှိနေတော့ မနက်ဖြန် တစ်ရက်အတွင်း အေးအေးဆေးဆေးနဲ့ပဲ ပြီးသွားမယ်လို့ မျှော်လင့်ရပါတယ်” ဟု ဦးထွန်းသာစိန်က ပြောသည်။ 

အစည်းအဝေးသို့ ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှ အပါအဝင် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးများ၊ ဥပဒေရေးရာနှင့်အခြားကိစ္စရပ်များ ဆိုင်ရာ တာဝန်ရှိသူများ၊ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များနှင့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များ ၄၇ ဦးအနက် (၃၇) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

(Photo by U San Myat Shwe Post)


ဆက်စပ် သတင်းများ