ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

ရခိုင်ပြည်နယ်လွှတ်တော်တွင် အရပ်သားထိခိုက်သေဆုံးမှုနှင်စပ်လျဉ်းသည့်မေးခွန်းအပေါ်ဖြေဆိုမှု အားရကျေနပ်မှုမရှိဟု ပုဏ္ဏားကျွန်းအမတ်ဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၆ နိုဝင်ဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 2.7k

ထွန်းခိုင် (တောင်ရင်းကျွန်း)
နိရဥ္စရာ၊ နိုဝင်ဘာ ၁၆ / ၂ဝ၂ဝ

ရခိုင်ပြည်နယ်လွှတ်တော်၌ အရပ်သားထိခိုက်သေဆုံးမှုနှင့်ပတ်သက်၍ သူ၏ မေးခွန်းအပေါ် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းသန်း၏ ဖြေဆိုမှုမှာ အားရကျေနပ်မှုမရှိဟု ပုဏ္ဏားကျွန်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သန်းတင်ပြောကြားသည်။

ယနေ့ နိုဝင်ဘာ ၁၆ ရက်နေ့၌ ပြုလုပ်သည့် ဒုတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော်(၁၄) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယနေ့ အစီအစဉ်တွင် ပုဏ္ဏားကျွန်းမြို့နယ်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သန်းတင်က ရခိုင်ပြည်နယ်အတွင်း နှစ်ဖက်တိုက်ပွဲများကြောင့် အရပ်သား သေဆုံး/ ဒဏ်ရာရ ပြည်သူများအား ရခိုင်ပြည်နယ်အစိုးရအနေဖြင့် မည်ကဲ့သို့ ကူညီဆောင်ရွက် ထားသည်များကို သိရှိလိုကြောင်း မေးခွန်းမေးမြန်းခဲ့သည်။

အဆိုပါမေးခွန်းနှင့် စပ်လျဉ်း၍ ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းသန်းက ပြန်လည်ဖြေကြားခဲ့ရာတွင် ပြည့်စုံလုံလောက်မှုမရှိကြောင်း မေးခွန်းမေးမြန်းသူ ဦးအောင်သန်းတင်က မီဒီယာများကို ပြောကြားသည်။

 “ဒီမေးခွန်းကို ဘာကြောင့်မေးရသလဲဆိုတော့ ဒီမှာ သေဆုံးတယ်၊ ဒဏ်ရာရတယ်။  အဲဒီအပေါ်မှာ အစိုးရအဖွဲ့အနေနဲ့ ကူညီထောက်ပံ့မှုအားနည်းတဲ့အတွက် ဒါကိုအားမလိုအားမရဖြစ်တဲ့အတွက် ဒီမေးခွန်းကို မေးမြန်းရတာဖြစ်တယ်။ ဒီမေးခွန်းနဲ့ ပတ်သက်ပြီး အစိုးရအဖွဲ့ကတော့ သူတို့ထောက်ပံ့တာတွေ၊ ပ့ံပိုးတာတွေကူညီပေးတာတွေကိုပြောပါတယ်။ ဒါပေမယ့် မြေပြင်အခြေအနေမှာ ထိထိရောက်ရောက် အထောက်အပံ့တွေမရ၊ အကူအညီမရတာတွေကို ဒုက္ခသည်မိသားစုတွေပြောပြချက်အရ သိရတဲ့အတွက် ဒါဟာအစိုးရအဖွဲ့အနေနဲ့ အားနည်းချက်ရှိတယ်။ ဒါပေမယ့် အစိုးရအဖွဲ့ ဖြေကြားတာနဲ့ပတ်သက်ပြီး ကျနော်အနေနဲ့ကတော့ အားမလို၊ အားမရပါ။ အထောက်အပံ့တွေက မြေပြင်အခြေအနေမှာ အားနည်းချက်တွေရှိတယ်။ ဒုက္ခသည်တွေက စိတ်ခံစားမှုအများကြီး ဒုက္ခရောက်နေတယ်။ ဒါကို အစိုးရအဖွဲ့အနေနဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုအားနည်းတဲ့အတွက် အစိုးရအဖွဲ့ ဖြေကြားတာကို အားမလို၊ အားမရ ဖြစ်မိပါတယ်” ဟု ၎င်းက ပြောသည်။

အဆိုပါမေးခွန်းနှင့်ပတ်သက်၍ ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းသန်းက တိုက်ပွဲကြောင့် သေဆုံးသွားသော အရပ်သားများအား တစ်ဦးလျှင် ငွေ ၃သိန်းကျပ်နှင့် ဒဏ်ရာရရှိသူများအား ၂ သိန်း၊ ၁ သိန်း စသည်ဖြင့် ထောက်ပံ့ပေးမှုများရှိသည်ဟု ဖြေကြားခဲ့ကြောင်း ဦးအောင်သန်းတင်က ဆက်ပြောသည်။

“ ဒီမေးခွန်းနဲ့ ပတ်သက်ပြီး သူတို့ဖြေကြားတဲ့အခါမှာ IDP စခန်းတွေအတွက် ထောက်ပံ့တယ်။ ဆေးရုံတွေမှာ ဒဏ်ရာရ၊ သေဆုံးသူတွေရဲ့ မိသားစုကို ထောက်ပံ့တယ် ပြောတယ်။ သေဆုံးသွားသူ တစ်ဦးကို ၃ သိန်းကျပ်၊ ဒဏ်ရာရသူတစ်ဦး ၂ သိန်း၊ ၁သိန်း အဲလို ပေးတာတွေရှိတယ်ဆိုပြီးတော့ ဖြေကြားသွားပါတယ်။” ဟုပြောသည်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် အတတ်နိုင်ဆုံးကြိုးစားပြီးဆောင်ရွက်ခဲ့ကြောင်း ICRC နှင့်ပူးပေါင်းပြီး ဒဏ်ရာရလူနာများ သွားရေ၊ လာရေးအဆင်ပြေစေဖို့ အတတ်နိုင်ဆုံးလုပ်ပေးခဲ့သည်ဟု ဖြေကြားခဲ့သော်လည်း အဆိုပါဖြေကြားချက်အပေါ် အားရကျေနပ်မှု မရှိကြောင်း ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှက ပြောသည်။

“ အစိုးရဖက်ကတော့ ဒါနဲ့ပတ်သက်လို့ သူတို့ဟာ အတတ်နိုင်ဆုံးတော့ ကြိုးစားပန်းစားဆောင်ရွက်ခဲ့ပါတယ်။ ဒုက္ခသည်တွေအတွက် သူတို့ရဲ့ ကူညီထောက်ပံ့မှုတွေ ICRC နဲ့ ပေါင်းပြီးတော့ လုပ်ဆောင်တာတွေ၊ ပြီးတော့ ဒဏ်ရာရလူတွေကို သွားရေး၊ လာရေးမှာ လွယ်ကူဖို့အတွက် အတတ်နိုင်ဆုံးလုပ်ပေးခဲ့တာတွေကိုတော့ ဖြေကြားပါတယ်။ ဒါပေမယ့် ဒီဖြေကြားချက်အပေါ်မှာ သိပ်တော့ အားရကျေနပ်မှုမရှိဘူး။ အစိုးရဖက်ကလည်း ကိုယ်တိုင်သွားပြီးတော့ လုပ်ဖို့ဆိုတာကလည်း ခက်တယ်။ နောက်တစ်ခုက သူတို့ဟာ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ပူးပေါင်းပြီးတော့ ဆောင်ရွက်ခဲ့သင့်တယ်။ သို့သော် ပူးပေါင်းမှုအားနည်းတယ်။ လုံးဝမပူးပေါင်းဘူး။ လွှတ်တော်ကိုယ်စားလှယ်တွေ ပြောဆိုတဲ့အခါမှာ အလိုက်သင့် လုပ်ပေးတာလေး တွေတော့ ရှိတယ်။ သို့သော် ဒီထက်ပိုပြီးတော့ လုပ်ပေးရမယ့်တာဝန် အစိုးရမှာရှိတယ်” ဟုပြောသည်။

ရခိုင်ပြည်နယ်အတွင်းရှိ စစ်ပြေးရှောင်စခန်းများတွင် အစိုးရ၏ ထောက်ပံ့ကူညီမှုများကို ပြည့်ဝစွာ မရရှိကြောင်း၊ ထောက်ပံ့ရေး ရိက္ခာပစ္စည်းများကို လွတ်လပ်စွာ သယ်ယူခွင့်မရကြောင်း၊ နေအိမ်အဆောင်များကိုလည်း ကိုယ်ထူကိုယ်ထ ဆောက်လုပ်ရကြောင်း၊ လုံခြုံမှုလည်း မရှိပဲဖြစ်နေကြောင်း စစ်ပြေးရှောင်စခန်း တာဝန်ရှိသူများက ထုတ်ဖော်ပြောကြားချက်အရ သိရသည်။

၎င်းပြင် ၂ နှစ်တာ တိုက်ပွဲကာလအတွင်း အရပ်သား သေဆုံးမှုက ၃ဝဝ ကျော်၊ ဒဏ်ရာရသူက ၆ဝဝ ကျော်၊ စစ်ပြေးရှောင်အရေအတွက်မှာလည်း နှစ်သိန်းသုံးသောင်းကျော်ရှိသွားပြီဟု ရခိုင်မျိုးနွယ်စုများအစည်းအရုံး (REC) ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

(ဓာတ်ပုံ- ရခိုင်ပြည်နယ်လွှတ်တော်)

ဆက်စပ် သတင်းများ