ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

ရမ်းဗြဲမြို့နယ် ရမ်းပေါက်ကုန်ဘောင်ကျေးရွာ အမျိုးအဆွေ ရွာလည်ပွဲ ကျင်းပပြုလုပ်ပြီးစီ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၄ ဇွန် ၂၀၁၉
  • | ကြည့်ရှုသူ: 9.3k

ဆောင်းဇာခြည် | နိရဥ္စရာ၊ ဇွန်လ ၄/ ၂ဝ၁၉

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ ရမ်းပေါက်ကုန်ဘောင်ကျေးရွာတွင် ကျင်းပပြုလုပ်သည့် အမျိုးအဆွေ ရွာလည်ပွဲမှာ အောင်မြင်စွာ ကျင်းပပြုလုပ် ပြီးစီးသွားခဲ့ပြီဟု သိရသည်။

၎င်းပွဲကို ဇွန်လ ၁ ရက်နေ့မှ ဇွန်လ ၂ ရက်နေ့ထိ ပြုလုပ်ခဲ့သည်။

အဆိုပါ အမျိုးဆွေရွာလည်ပွဲကို ရှေးရိုးရာ အစဉ်အလာအတိုင်း ယနေ့ ခေတ် ကျေးရွာသားများက လက်ဆင့်ကမ်း ကျင်းပ ပြုလုပ်ကြခြင်း ဖြစ်သည်။

တမူထူးခြားသည့် ရမ်းဗြဲမြို့နယ်၊ ရမ်းပေါက်ကုန်ဘောင်ကျေးရွာတွင် ကျင်းပပြုလုပ်သည့် အမျိုးအဆွေ ရွာလည်ပွဲတွင် ကျေးရွာသားများက ဝတ်စားဆင်ယင်မှု အမျိုးမျိုးကို ပုံဖော် ဝတ်ဆင်ပြီး မျက်နာ၊ ဆံပင်များကို အရောင်မျိုးစုံ ချယ်သကာ ရွာတောင်ပိုင်းနှင့် မြောက်ပိုင်း အပြန်အလှန် ဆွေပြမျိုးပြအဖြစ် သွားရောက် လည်ပတ်ကြသည့် ပွဲဖြစ်ကြောင်း သိရသည်။

“မကြာခင် ဒီနယ်ကလူတွေက လယ်တောထဲဝင်ရတော့မှာ။ လယ်တောမဝင်ခင် ကိုယ့်မိသားစုတွေ ချစ်ချစ်ခင်ခင်နဲ့ တစ်ယောက်ပေါ် တစ်ယောက် ပိုချစ်ခင်ကြင်နာကြအောင်ဆိုပြီး ဒီပွဲကိုလုပ်ကြတာပါ။ နောက်ပြီး ဖြူ၊ ပြာ၊ နီဝါအရောင်တွေနဲ့ မိတ်ကပ်တွေကို မျက်နာတွေမှာလိမ်းသလို အဝတ်အစားတွေ ကိုလည်း ပုံစံမျိုးစုံဝတ်ဆင်ပြီး ရွာတောင်ပိုင်းနဲ့ ရွာမြောက်ပိုင်း ဆွေပြမျိုးပြ တစ်ပိုင်း တစ်ရက် သွားလည်ကြတာပါ။ အရမ်းလည်း လူစည်ပါတယ်။ စိတ်ဝင်စားဖို့ကောင်းသလို ပျော်ဖို့လည်း အရမ်းကောင်းပါတယ်” ဟု အဆိုပါပွဲသို့ ကိုယ်တိုင်တက်ရောက်အားပေးနေသည့် ရမ်းဗြဲဇာတိလည်းဖြစ်၊ ရခိုင်ပြည်နယ် အစိုးရ အဖွဲ့မှ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္တုဝန်ကြီးလည်းဖြစ်သူ ဦးကျော်လွင်က နိရဥ္စရာသို့ ပြောသည်။

ဇွန်လ ၁ ရက်နေ့က ရွာတောင်ပိုင်းဘက်မှ ရွာသူရွာသား များမှ ရွာမြောက်ပိုင်းဘက်ရှိ ရွာသူရွာသားများထံ ဆွေပြမျိုးပြအဖြစ်သွားရောက်ခဲ့ကြပြီး ဇွန် ၂ ရက်နေ့တွင် ရွာမြောက်ပိုင်းမှ ရွာသူရွာသားများက ရွာတောင်ပိုင်းရှိရွာသူရွာသားများထံသို့ အပြန်အလှန်သွားရောက်ကာ ဆွေပြမျိုးပြကြမည်ဖြစ်ကြောင်း သိရသည်။

၄င်းပွဲကို အရပ်လူကြီးများနှင့် လူပျို၊ အပျိုများစုစည်းဦးဆောင်ပြီး နှစ်စဉ်နှစ်တိုင်း လယ်တောမဝင်မီအချိန် ဇွန်လအတွင်း၌ ကျင်းပပြုလုပ်လေ့ရှိကြောင်းလည်း သိရသည်။

ဓာတ်ပုံ - ရမ္မာမြေရဲ့ သဘာဝ အလှအပများ facebook

ဆက်စပ် သတင်းများ