စနေ၊ ဧပြီလ ၂၀ရက်၊ ၂၀၂၄

တက္ကသိုလ်ဝင်စာမေးပွဲ အမှတ်စာရင်းများကို စစ်တွေတွင် ယနေ့ စတင်ထုတ်ပေးနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၅ ဇွန် ၂၀၁၉
  • | ကြည့်ရှုသူ: 7.1k

ဆောင်းဇာခြည်
နိရဥ္စရာ၊ ဇွန် ၁၅∕ ၂ဝ၁၉

ရခိုင်ပြည်နယ်မှ တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူများ၏ အမှတ်စာရင်းများကို စစ်တွေမြို့တွင် ယနေ့ စတင် ထုတ်ပေးနေပြီဖြစ်ကြောင်း သိရသည်။

စစ်တွေအပါအဝင် ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ ပေါက်တော၊ မင်းပြား၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ ကျောက်တော်၊ အမ်းနှင့် မြေပုံမြို့နယ်များမှ တက္ကသိုလ်ဝင်တန်းအောင်မြင်သူများ၏ အမှတ် စာရင်းများကို စစ်တွေမြို့ရှိ အထက(၄)တွင် ယနေ့ ဇွန်လ ၁၅ ရက်နေ့မှစတင်ထုတ်ပေးနေခြင်းဖြစ်သည်။

“အရင်ထဲက ကျွန်တော်တို့က ကြိုပြောထားပီးသားပါ။ ဘယ်နေ့မှာ ဒီအမှတ်စာရင်းထုတ်ပေးသွားမလဲ ဆိုတာကို ပေါ့။ ဒါကြောင့် ကျောင်းသူ၊ ကျောင်းသားတွေက  ဘယ်နေ့လာထုတ်ရမလဲ သိပြီးသားတွေ ဖြစ်မှာပါ” ဟု ရခိုင်ပြည်နယ်ပညာရေးမှူးရုံးမှ ဌာနခွဲမှူး ဦးအောင်ချိုသန်းက ပြောသည်။

အဆိုပါအမှတ်စာရင်းများကို နံနက် ၉ နာရီမှ ညနေ ၄ နာရီအတွင်း ဇွန်လ ၁၈ ရက်(အင်္ဂါ)နေ့အထိ ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အလားတူ သံတွဲ၊ တောင်ကုတ်၊ ဂွ၊ ကျောက်ဖြူနှင့် မာန်အောင်မြို့နယ်မှ တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်မြင်သူများ၏ အမှတ်စာရင်းများကိုလည်း သံတွဲမြို့ရှိ မြို့နယ်ပညာရေးမှူး ရုံးတွင် ဇွန်လ ၁၂ ရက်နေ့တွင် ထုတ်ပေးခဲ့ပြီဟုလည်း သိရသည်။

ရခိုင်ပြည်နယ်တွင် ယခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ကျောင်းသူ၊ ကျောင်းသား ၄၂၄၁၆ ဦး ဝင်ရောက်ဖြေဆိုခဲ့ရာ ၁ဝ၁၆၅ ဦးအောင်မြင်ခဲ့ပြီး တစ်ပြည်နယ်လုံး၏အောင်ချက်ရာခိုင်နှုန်းမှာ ၂၃ ဒသမ ၉၇ ရာခိုင်နှုန်းရှိခဲ့ကြောင်း သိရသည်။

ဆက်စပ် သတင်းများ