သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

ကျောက်ဆည်ပြင်အနီး တိုက်ပွဲ ဖြစ်ပွားပြီးနောက် ရွာသား ၂၅ ဦး ဖမ်းဆီးခံခဲ့ရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၆ ဇွန် ၂၀၁၉
  • | ကြည့်ရှုသူ: 7k


ခိုင်လူလှ
မြောက်ဦး၊ ဇွန် ၁၆/ ၂ဝ၁၆

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ ကျောက်ဆည်ပြင်ကျေးရွာ အနီး ဇွန်လ ၁၃ ရက်နေ့က တိုက်ပွဲ ဖြစ်ပွားပြီးနောက် လူ ၂၅ ဦးကို သင်္ကာမကင်းသဖြင့် တပ်မတော် စစ်ကြောင်းတစ်ခုမှ ဖမ်းဆီး၍ ကျောက်တော်မြို့နယ် ရဲစခန်းသို့ လွဲပြောင်းလိုက်သည်ဟု သတင်းရရှိသည်။

ယင်းသို့ ဖမ်းဆီးခြင်းမှာ ဟုတ်မှန်ကြောင်း၊ ဖမ်းဆီးခံရသူများကို လက်ရှိတွင် ကျောက်တော်မြို့နယ် ရဲစခန်းသို့ လွဲပြောင်း ပေးလိုက်ပြီ ဖြစ်ကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။

ဖမ်းဆီးမှုနှင့် ပတ်သက်ပြီး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက "မနေ့က ကျွန်တော်တို့ ညနေပိုင်းလောက်မှာ ဖမ်းမိတာပါ။ ဖမ်းမိသူတွေက ကျောက်ဆည်ပြင်ရွာက မဟုတ်ဘူး။ မသင်္ကာလို့ ဖမ်းဆီးထားတာဖြစ်တယ်။ ပဏာမ စစ်ကြောချက်အရတော့ အေအေ အဖွဲ့ဝင်တွေ ဖြစ်ဖို့များတယ်။ ဒါပေမယ်  တစ်ဘက်သတ်တော့ စွပ်စွဲလို့မရသေးဘူး။ စစ်ဆေးပြီး တရားရုံးရောက်မှ သိရမယ်။ ခုတော့ ကျောက်တော်ရဲစခန်းကို ပို့ဆောင်ထားပါတယ်" ဟု ပြောသည်။

ဇွန်လ ၁၃ ရက်နေ့ နံနက်မှ စပြီး နေ့လယ်ပိုင်းထိ ကျောက်ဆည်ပြင်ကျေးရွာအနီး ရဗချောင်း တံတားအနီးတွင် မြန်မာတပ်မတော်နှင့် ရက္ခိုင်တပ်တော် (AA) တို့အကြား တိုက်ပွဲ ဖြစ်ပွာခဲ့ပြီးနောက် ၎င်းတို့ ၂၅ ဦးအား ကျောက်ဆည်ပြင်နှင့် အနီးအနားမှ ဖမ်းမိခဲ့သည်ဟု ကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောကြားသည်။

ဖမ်းဆီးခံရသူများအထဲတွင် စေတီတောင်ရွာဟောင်း စစ်ဘေးရှောင် စခန်းသို့  စက်တပ်လှေတစ်စီးဖြင့် ပြန်လာသူ အမျိုးသမီး တစ်ဦးအပါအဝင် ရွာသား ၇ ဦး၊ ရန်အောင်ပြင်ရွာမှ ဆယ်တန်းအောင်၍ ကျောက်ဆည်ပြင်ကျေးရွာတွင် အပျော်စားသွားသူ ၄ ဦး၊ ကြာကန်မှ ၃ ဦးတို့ ဖြစ်ကြပြီး ကျန်လူများကို စုံစမ်းနေတုန်းဖြစ်ကြောင်း သိရသည်။

“ အဖမ်းခံရတဲ့ အထဲမှာ ကြာကန်၊ ကြက်စင်၊ ရန်အောင်ပြင်၊ ဆင်အိုး၊ တိုက်ပွဲဖြစ်ပွားတာကို ကြောက်ပြီး ရွာကို ထွက်ပြေးလာကြတဲ့သူတစ်ချို့လည်း အဖမ်းဆီးခံရတဲ့ အထဲမှာ ပါသွားပါတယ်” ဟု ကျောက်ဆည်ပြင် ကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောကြားသည်။ 

ရန်အောင်ပြင်ကျေးရွာမှ လူကြီးတစ်ဦးမှလည်း သူတို့ရွာမှ ဆယ်တန်းအောင်၍ ကျောက်ဆည်ပြင်သို့ ပျော်ပွဲစားသွားသည့် လူငယ် ၄ ဦးဖမ်းခံရပြီး စစ်တပ်ရွာထဲကို ဝင်လာသည့် အချိန်တွင် သူတို့မှာ သောက်စား မူးယစ်နေကြသည်ဟု ပြောဆိုသည်။

ဆက်စပ် သတင်းများ