စနေ၊ ဧပြီလ ၂၀ရက်၊ ၂၀၂၄

ပြိုင်ချရွာအနီးလက်နက်ကြီးကျည်ကျ၍ ရွာသားများထွက်ပြေး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၆ ဇွန် ၂၀၁၉
  • | ကြည့်ရှုသူ: 6.2k

မြောက်ဦး၊ ဇွန် ၁၆/ ၂ဝ၁၉

ဇွန်လ ၁၅ ရက်နေ့ နံနက် ၈ နာရီခန့်က လက်နက်ကြီးကျည် ရွာအနီး ကျရောက်ပေါက်ကွဲသဖြင့် ပြိုင်ချရွာသား ၁ဝဝ ခန့်သည် အနီးအနားရှိ တိမ်ညိုရွာသို့ ထွက်ပြေးတိမ်းရှောင်လာကြသည်။

တိမ်ညိုရွာသို့ ထွက်ပြေးရောက်ရှိလာသူ တစ်ဦးက “ ရွာအနီးမှာ လက်နက်ကြီးကျည် သုံးလုံးကျပါတယ်။ နံနက် ၈ နာရီမှာကျတယ်။ ရွာနားမှာ ကျတယ်။ မြန်မာ့တပ်မတော်ကနေ လင်းမြွေတောင်ကနေ ပစ်ပါတယ်။ ဘယ်ကို ပစ်တယ်ဆိုတာ ကျွန်တော်တို့ မသိရပါ။ ကျွန်တော်တို့ ရွာအနီးမှာ ကျရောက်ပေါက်ကွဲတဲ့ အတွက် ကြောက်ပြီး တိမ်ညို စစ်ပြေးရှောင်စခန်းကို ထွက်ပြေးလာတာပါ” ဟု ပြောကြားသည်။

ပြိုင်ချရွာသည် အိမ်ခြေ ၄ဝဝ ကျော်ခန့်ရှိသော ရွာကြီးတစ်ရွာဖြစ်ပြီး ရွာသားအများအပြားမှာ နီးစပ်ရာကျေးရွာများသို့ ထွက်ပြေးသွားကြသည်ဟု ၎င်းက ပြောဆိုသည်။

တိမ်ညိုကျေးရွာအုပ်ချုပ်ရေးမှူးဟောင်း ဦးဝေလှအောင်က “ ကျွန်တော်တို့ တိမ်ညို စစ်ဘေးရှောင်စခန်းကို လူပေါင်း ၁ဝဝလောက်ရောက်ရောက်ပါတယ်။ သူတို့က လက်နက်ကြီးကျည်ရွာအနီးမှာ ကျရောက် ပေါက်ကွဲတဲ့ အတွက် ထွက်ပြေးလာကြတာပါ။ မိသားစု ၄ စုကတော့ ဒီစစ်ဘေးရှောင်စခန်းမှာနေမယ်။ ကျန်တဲ့လူတွေကတော့ မသေချာသေးဘူး။ ရွာကို ပြန်သွားမယ့်သူတွေလည်း ရှိနေပါတယ်” ဟု ပြောကြားသည်။

မြောက်ဦးမြို့နယ် တိမ်ညိုကျေးရွာ စစ်ဘေးရှောင်စခန်းတွင် ကျေးရွာ ၁၃ ရွာမှ ထွက်ပြေး ခိုလှုံနေသူ စစ်ဘေးရှောင် ၂၃ဝဝ ကျော်သွားပြီဟု သိရသည်။

ဆက်စပ် သတင်းများ