အင်္ဂါ၊ ဧပြီလ ၂၃ရက်၊ ၂၀၂၄

မင်းပြားမြို့နယ်တွင် တိုက်ပွဲဆက်ဖြစ်၊ ရွာသားများ ဘေးလွတ်ရာသို့ထွက်ပြေး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၈ ဇွန် ၂၀၁၉
  • | ကြည့်ရှုသူ: 10.2k



နိရဥ္စရာ၊ ဇွန် ၁၈ ∕ ၂ဝ၁၉

မင်းပြားမြို့နယ်၊ ပြင်ယောင်းအုပ်စု၊ သာစည်ကျေးရွာနှင့် ထိန်ပြင်အုပ်စု၊ ရွှေကျင်ကျေးရွာ အကြားတွင် ယနေ့ နံနက် ၇ နာရီမှ စတင်ပြီး ၈ နာရီအထိ မြန်မာတပ်မတော်နှင့် ရက္ခိုင်တပ်တော် (AA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့သဖြင့် ရွာသားများ ကြောက်လန့်ပြီး ရွာကို စွန့်ခွာ ထွက်ပြေးသွားခဲ့ကြသည်ဟု သတင်းရရှိသည်။

တိုက်ပွဲမှာ နံနက် ၇ နာရီမှ ၈ နာရီကျော်အထိ အပြန်အလှန်ပစ်ခတ်ကြပြီး တိုက်ပွဲမှာ ပြင်းထန်ကာ လက်နက်ကြီး ကျည်များ ရွာအနီးတွင် ကျရောက်ပေါက်ကွဲမှုများရှိသည်ဟုလည်း ပြင်ယောင်းအုပ်ချုပ်ရေးမှူးက ပြောကြားသည်။

ခွဆုံကျေးရွာမှ ချင်းလူမျိုးများသည် ပြင်းယောင်းအုပ်စု ငတာချင်းကျေးရွာသို့လည်းကောင်း၊ သာစည်ကျေးရွာနှင့် ရွှေကျင်ကျေးရွာမှ ရွာသားများသည် ပြင်ယောင်း၊ အိုးပျဉ်ထောင်နှင့် ပွဲရကံဆိပ် ကျေးရွာသို့ ထွက်ပြေးခဲ့ကြသည်ဟု သိရသည်။

“ ရွာနားမှာ လက်နက်ကြီးကျည်တွေကျတာတွေရှိတယ်။ ဒါကြောင့် ကြောက်ပြီးထွက်ပြေးကြတယ်။ ကျွန်တော်တို့ရွာကိုလည်း ထွက်ပြေးလာကြတဲ့သူတွေရှိပါတယ်။ လူပေါင်း ၁ဝဝ လောက်ရှိမယ်ထင်တယ်။ ပြန်တဲ့သူတွေလည်း ပြန်ကြတာတွေရှိပါတယ်” ဟု ပြင်ယောင်းအုပ်ချုပ်ရေးမှူးက ပြောကြားသည်။

တိုက်ပွဲ ဖြစ်ပွားပြီးနောက် မြောက်ဦးအမှတ် ၅၄ဝ ဘက်မှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုများရှိခဲ့သည်ဟု ဒေသခံများက ပြောဆိုသည်။

၎င်းကျေးရွာများ အနီးတစ်ဝှိုက်တွင် တပ်ပွဲများ နေ့စဉ် ရက်ဆက်ဆိုသလို ဖြစ်ပွားနေကြောင်း သတင်းရရှိသည်။

ဆက်စပ် သတင်းများ