သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

စစ်တပ်မှ ဖမ်းဆီးစစ်ဆေးစဉ် သေဆုံးသွားသူကိုနေမျိုးထွန်းအလောင်းကို နာရေးကားဖြင့် မြောက်ဦးမြို့သို့ ယူဆောင်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၅ ဇွန် ၂၀၁၉
  • | ကြည့်ရှုသူ: 2.2k



ခိုင်လင်း
နိရဥ္စရာ၊ ဇွန် ၂၅/ ၂ဝ၁၉

စစ်တပ်မှ ဖမ်းဆီး စစ်ဆေးနေစဉ် သေဆုံးသွားသူ မြောက်ဦးမြို့နယ်၊ ပေါက်တောပြင်ကျေးရွာမှ ကိုနေမျိုးထွန်း အလောင်းကို ကျောက်တော်မြို့နယ် ပြည်သူ့ ဆေးရုံမှ မြောက်ဦးမြို့သို့ နာရေးကားဖြင့် ယနေ့ ဇွန်လ ၂၅ ရက် နံနက်တွင် ယူဆောင်သွားသည်ဟု သတင်းရရှိသည်။

“ဟုတ်ပါတယ်။ မြောက်ဦးကလူတွေလာယူလာပါတယ်။ မြောက်ဦးနာရေးကားနဲ့ပါ။ မနက် ၈ နာရီကျော်လောက်က ပို့လိုက်တာပါ” ဟု ဦးကျော်လှမြင့်က ပြောသည်။

သေဆုံးသူ ကိုနေမျိုးထွန်း ၂၃ နှစ်သည် မြောက်ဦးမြို့နယ် ပေါက်တောပြင်ကျေးရွာမှ (ဘ) ဦးမောင်ဘု၏သား ဖြစ်ပြီး ဇွန်လ ၂၄ ရက်နေ့တွင် သူ၏အလောင်းအား ကျောက်တော်မြို့ ဆေးရုံသို့ စစ်တပ်မှ ပို့လာခြင်းဖြစ်ကြောင်း သည်ဟု ဦးကျော်လှမြင့်က နိရဥ္စရာသို့ ပြောသည်။

“မနေ့က ကျောက်တော်ကို တပ်ကပို့လာတာပါ။ ကျွန်တော်တို့လည်း ရဲစခန်းက ကြားရတာပါပဲ။ ကျောက်တော်ဆေးရုံ ရင်ခွဲရုံထဲမှာလူအလောင်း တစ်လောင်း ရောက်နေတယ်လို့ စခန်းမှူးကိုဖုန်းဆက်ပြီးတော့ မေးတဲ့အခါ စခန်းမှူးကတပ်က ပို့လာတယ်လို့ပြောတယ်” ဟု ၎င်းက ပြောသည်။

တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဖမ်းဆီးထားသူ တစ်ဦး သေဆုံးခြင်းကို အတည်ပြုပြီး ကျန်းမာရေး မကောင်းရာမှ ဆေးရုံသို့ ပို့စဉ် ကွယ်လွန်သွားသည်ဟု သတင်းရရှိကြောင်း ပြောကြားထားသည်။

ကိုနေမျိုးထွန်းသည် မြောက်ဦးမြို့နယ် ဝေသာလီကျေးရွာတွင် လက်သမား လုပ်နေသူ ဖြစ်ပြီး ဇွန်လ ၂ဝ ရက်က စစ်တပ်မှ ရွာသား ၁ဝ ဦးဖမ်းဆီး ခေါ်ဆောင် သွားသည့် အထဲတွင် ပါဝင်သွားခြင်းဖြစ်ကြောင်းသိရသည်။

ဆက်စပ် သတင်းများ