စနေ၊ ဧပြီလ ၂၀ရက်၊ ၂၀၂၄

မောင်တောမြို့နယ်တွင် တောဆင်ရိုင်းသတ်၍ လူတစ်ဦးသေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၅ ဇွန် ၂၀၁၉
  • | ကြည့်ရှုသူ: 4.7k



သိန်းဇော် (မောင်တော)
စစ်တွေ၊ ဇွန် ၂၅/၂ဝ၁၉


ရခိုင်ပြည်နယ်၊ ဘင်္ဂလာနယ်စပ် မောင်တောမြို့နယ် ကံသာယာကျေးရွာမှ လူတစ်ဦး တောရိုင်းဆင် နှင်းသတ်ခံရ၍ သေဆုံးသွားကြောင်း သတင်းရရှိသည်။


သေဆုံးသွားသူမှာ ကံသာယာကျေးရွာမှ အသက် (၄၄) နှစ်အရွယ် ဦးမောင်ရွှေကျော် ဖြစ်ကြောင်း သိရသည်။


ဇွန်လ ၂၄ ရက်နေ့ ညနေ ၆နာရီခန့်က ရွာနှင့် ၂ဖာလုံခန့်ဝေးသည့် ၄င်းသီးနှံစိုက်ခင်းမှ အပြန်လမ်းတွင် တောဆင်ရိုင်းနှင့် ထိပ်တိုက်တွေ့ပြီး ထိုသို့ အသတ်ခံခဲ့ရခြင်း ဖြစ်ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဘထွန်းအောင်က နိရဥ္စရာသတင်းဌာနသို့ ပြောသည်။


“ ညနေပိုင်း စိုက်ခင်းကအလုပ်လုပ်ပြီး ပြန်လာတာ။ ပြန်လာတဲ့အချိန်မှာ ထိပ်တိုက်တွေ့ပြီး ဆင်က တဟုန်ထိုးလိုက်လို့ ပြေးမလွတ်ဖြစ်ပြီးတော့ သီးနှံခင်းနားမှာပဲ အသတ်ခံခဲ့ရတာ။ အဲဒီအချိန်မှာ တစ်ခြားသီးနှံခင်းက လူတွေကတွေ့လို့ အဝေးကလှမ်းအော်ပြီး မောင်းလိုက်ကြတော့မှ ဆင်က တစ်ခြားတဘက်ကိုလှည့်သွားတာ” ဟု ဦးဘထွန်းအောင်က ပြောသည်။
ဆင်သတ်ခံရသူမှာ နေရာတွင်မသေဘဲ မောင်တောပြည်သူ့ ဆေးရုံကြီးသို့ရောက်မှ ည ၈ နာရီခန့်တွင် သေဆုံးသွားကြောင်း၊ ဆင်သတ်ခံရပြီး သေဆုံးသွားသူ ဦးမောင်ရွှေကျော်မှာ တစ်ကိုယ်လို့ အတွင်းကြေမွဒဏ်ရာများ နှင့် သေဆုံးသွားကြောင်း မိသားစုဝင်များက ပြောသည်။


မကြာခဏ ဆိုသလို တောရိုင်းဆင်များ ကျေးရွာအနီးသို့လာပြီး သီးနှံခင်းများအားဖျက်စီးခြင်း၊ သီးနှံများအား စားသုံးခြင်းများပြုလုပ်ကာ လူကိုလည်း ရန်လုပ်ခြင်းများရှိကြောင်း၊ ထိုသို့ တောရိုင်းဆင်များ အန္တရာယ်ပေးမှုကို သက်ဆိုင်ရာ သစ်တောဦးစီးဌာနများအနေဖြင့် ဒေသခံများ အသက်အန္တရာယ် မဖြစ်ရအောင် တစ်ခုခု လုပ်ပေးစေချင်ကြောင်း ဒေသခံများက ပြောသည်။


အဆိုပါဖြစ် စဉ်နှင့်ပတ်သက်ပြီး မောင်တော သစ်တောဌာနသို့ ဆက်သွယ်မေးမြန်းခဲ့ရာ တာဝန်ခံ ဦးဘစောက “ကျနော်တို့ အဲဒီလို့ တောရိုင်းတိရိစ္ဆာန်တွေ အန္တရာယ်ပေးမှုမခံရအောင် ဒေသခံတွေကို အယင်တုန်းက ဟောပြောပေးထားတာရှိတယ်။ အခုလည်း လုပ်ပေးဖို့လုပ်နေပါတယ်။ ကျနော်တို့ အထက်လူကြီးတွေကလည်း ညွှန်ကြားထားတာရှိတယ်” ဟု ပြောသည်။


မြန်မာ-ဘင်္ဂလာဒေ့ရှ် နယ်စပ်တွင် တောဆင်ရိုင်းများသည် ဒေသအတွင်းမှ တောင်ယာလုပ်ကိုင်သူများကို မကြာခဏ ရန်မူ တိုက်ခိုက်လေ့ရှိကြောင်း သတင်းရရှိသည်။

(ဓာတ်ပုံ- ဘင်္ဂလာဒေ့ရှ်- မြန်မာနယ်စပ်တွင် လှည့်လည် သွားလာနေသော တောဆင်ရိုင်း တစ်ကောင်ကို တွေ့ရစဉ်)

ဆက်စပ် သတင်းများ