အင်္ဂါ၊ ဧပြီလ ၂၃ရက်၊ ၂၀၂၄

ရေတပ်သင်္ဘောတိုက်ခိုက်ခံရပြီးနောက် ကယုချောင်းကျောင်းမှ လူငယ်၃ဦး မင်္သကာမှုဖြင့်ဖမ်းဆီးခေါ်ဆောင်ခံရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၆ ဇွန် ၂၀၁၉
  • | ကြည့်ရှုသူ: 6.5k



ဆောင်းဇာခြည်
နိရဥ္စရာ၊ ဇွန် ၂၆ ⁄ ၂ဝ၁၉

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ဆတ်ရိုးကျချောင်းဝတွင် ရပ်နားထားသည့် စစ်သင်္ဘောဆွဲရေယာဉ်တစ်စီးအား ရက္ခိုင်တပ်တော် (AA) မှ ပစ်ခတ်ပြီးနောက် စစ်တွေမြို့၊ ကယုချောင်းဘုန်းကြီးကျောင်းတွင် ဖွင့်လှစ်ထားသည့် စစ်ဘေးရှောင်စခန်းမှ လူငယ် ၃ဦးကို မသင်္ကာမှုဖြင့် ရဲက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းရရှိသည်။

ဖမ်းဆီးခေါ်ဆောင်ခံရသည့် လူငယ်သုံးဦးမှာ မောင်စိုးနိုင်လင်း(၂၅)နှစ်၊ မောင်ထွန်းထွန်း(၂ဝ) နှစ်နှင့် မောင်ကျန်လူ (၂၈)နှစ်တို့ဖြစ်သည်။

၄င်းတို့ သုံးဦးတွင် မောင်စိုးနိုင်လင်းသည် ရသေ့တောင်မြို့နယ်၊ ရေစိုးချောင်းကျေးရွာမှဖြစ်ပြီး မောင်ထွန်းထွန်းသည် ဘူးသီးတောင်မြို့မှဖြစ်ကာ မောင်ကျန်လူသည် ကယုချောင်းကျောင်းတွင်အမြဲနေထိုင်သူဖြစ်ကြောင်း မိသားစုများက ပြောကြားသည်။

“မောင်ကျန်လူဆိုတာက ကျမသားပေါ့နော်။ စိုးနိုင်လင်းက ကျမရဲ့ သမက်၊ သမီးရဲ့ ယေင်္ာကျားပါ။ သောကြာနေ့ ညဉ့်က ဆတ်ရိုးကျချောင်းမှာ ငါးမျှားမယ်ဆိုပြီး ၃ ယောက်သွားကြတယ်။ အရင်ကတော့ ကျွန်မသားကအမြဲတမ်း သွားနေကျပါ။ ကလေးကစားစရာ ပူဖောင်းတွေလည်း မြို့ပတ်ပြီး ရောင်းတယ်။ အဲဒီနေ့ စနေနေ့လယ်က အရပ်ဝတ်နဲ့လူ ၅ ယောက်က ရဲတွေပါလို့ပြောပြီး ကျွန်မသားနဲ့ သားမက်ကို စစ်ဆေးစရာတွေရှိတယ်ဆိုပြီး ခေါ်သွား တော့တာပါပဲ ”ဟု ဒေါ်လှသိန်းဦးက နိရဥ္စရာသတင်း ဌာနသို့ ပြောသည်။

ဖမ်းဆီးခံထားရသူများအနက် မောင်စိုးနိုင်လင်းနှင့် မောင်ထွန်းထွန်းတို့သည် ရသေ့တောင်မြို့နယ် ရေစိုးချောင်းကျေးရွာ အနီးတိုက်ပွဲများဖြစ်ပွားခဲ့သည့်အတွက် ကယုချောင်းကျောင်းတိုက်တွင် ဝင်ရောက်ခိုလှုံနေကြသူများဖြစ်ကြောင်းသိရသည်။

၄င်းတို့သုံးဦးအား လက်ရှိစစ်တွေအမှတ်(၁)ရဲစခန်းတွင် ထိန်းသိမ်းစစ်ဆေးနေသော်လည်း မိသားစုဝင်များ တွေ့ခွင့်မရဟု ဒေါ်လှသိန်းဦးက ပြောဆိုသည်။

ဖမ်းဆီးခံထားရသူ မောင်ထွန်းထွန်း၏ ဇနီးမဌေးဌေးဝင်းက “ကျမယောကျ်ားလည်း ငါးမျှားဖို့အတူပါသွားခဲ့တာ။ ဒီမှာလည်း စစ်ရှောင်အနေနဲ့နေတာဆိုတော့ အလုပ်ကမရှိဘူး။ နောက်တစ်နေ့ မနက်  ၇ နာရီလောက်က အလုပ်ရှာဖို့ မြို့ထဲကို ထွက်သွားခဲ့ပါတယ်။ ဒီနေ့ထိ ပြန်မလာသေးပါဘူး။ မနေ့ကမှ အဲဒီရဲစခန်းကို သွားတဲ့  မိန်းမတစ်ယောက်က ကျမယောကျ်ားကို တွေ့ခဲ့တယ်  ပြောပါတယ်။ ကျမတို့က သွားတွေ့တော့ တွေ့ခွင့်မရခဲ့ဘူး။ ထမင်းချိုင့်သွားပို့လည်း ရဲဝန်ထမ်းတွေဆီ အပ်ထားခဲ့ရတယ်” ဟု ပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး အသေးစိတ်သိရှိရန် စစ်တွေအမှတ်(၁) ရဲစခန်းသို့ နိရဥ္စရာသတင်းဌာနမှ ဆက်သွယ်ခဲ့ရာ ဆက်သွယ်၍ မရခဲ့ပါ။

ပြည်နယ်ရဲမှူးကြီးသို့ ဇွန်လ ၂၅ ရက်နေ့က ဆက်သွယ်ရာ သူက “ အခု ဘာမှ မပြောနိုင်ဘူး။ ပြောလို့ မရပါဘူးဗျာ၊ လောလောဆယ်တော့ စိစစ်ဆဲ၊ သံသယနဲ့ စိစစ်နေတုန်းပါဘဲ။ ဒီထက် ပြောလို့ မရပါဘူးဗျာ” ဟု ပြောဆိုသည်။. 

စစ်တွေတွင် ဇွန်လ ၂၂ ရက်နေ့က ရေတပ်သင်္ဘော ပစ်ခတ်ခံရပြီးနောက် စစ်တွေမြို့ရှိ ဖမ်းဆီစစ်ဆေးခံရသူ ၁ဝ ဦးခန့် ရှိနေပြီး ထိုအထဲမှ ခြံစောင့်၏ ဇနီးဒေါ်သူဇာနှင့် သားငယ်အပါဝင်သုံးဦးကို ခံဝန်ဖြင့် ပြန်လည် လွတ်ပေးလိုက်သည်ဟု သိရသည်။

(ဓာတ်ပုံမှာ ဖမ်းဆီးခံထားရသူ စောနိုင်လင်း ဇနီးမကြီးချေအား ကယုချောင်းကျောင်းတွင် တွေ့ရစဉ်)

ဆက်စပ် သတင်းများ