သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

AA နှင့်ဆက်နွယ်မှုသံသယဖြင့် ဖမ်းဆီးထားသူ ၉ ဦးကိုတရားရုံးထုတ်စဉ် ပြင်းထန်ဒဏ်ရာများရရှိထားသည်ကိုတွေ့ရှိရသဖြင့် မိသားစုများစိုးရိမ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၆ ဇွန် ၂၀၁၉
  • | ကြည့်ရှုသူ: 988

မာန်ယုကျော် (ရွှေဝမြေ)
စစ်တွေ၊ ဇွန် ၂၆/ ၂ဝ၁၉

ရက္ခိုင့်တပ်တော်(AA)နှင့် ဆက်နွယ်သူဟုသံသယရှိသူ ၉ ဦးကို ကျောက်တော် မြို့နယ် တရားရုံးတွင် ယမန်နေ့ညနေပိုင်းက ရုံးထုတ်ကာ ချုပ်ရမန်ယူခဲ့စဉ် ၄င်းတို့တွင် ပြင်းထန်သည့် ဒဏ်ရာများ ရရှိထားသည်ကို တွေ့ခဲ့ရသဖြင့် အထူးစိုးရိမ်မိကြောင်း  တရားရုံးသို့ သွားရောက်ခဲ့သူများနှင့် မိသားစုဝင်များက ပြောသည်။

ဖမ်းဆီးခံထားရသူများအထဲမှ တင်းထိန်ကန်ကျေးရွာက ဖမ်းဆီးခံထားရသူ မောင်မျိုးဟိန်းဆွေ၏ဖခင် ဦးမောင်သိန်းလှက "ဒဏ်ရာတွေက များတဲ့အတွက် လိုအပ်တဲ့ စစ်ဆေးမှုထက် ကျော်လွန် စစ်ဆေးခြင်း လို့ပဲ ပြောချင်ပါတယ်။ အပြစ်မရှိဘဲ ဒီလောက်ထိ ဒဏ်ရာ ဒဏ်ချက်များတာကတော့ မိဘတစ်ယောက် အနေနဲ့ မခံစားနိုင်ဘူး။ တစ်ဘက်မှာလည်း အထူးစိုးရိမ်မိပါတယ်။ ဒါကြောင့် ကျနော်ပြောချင်တာက သူတို့ဟာ အမှန်တကယ် အပြစ်မရှိတဲ့သူတွေဖြစ်တဲ့အတွက် ပြန်လွှတ်ပေးဖို့ ပြောချင်ပါတယ်"ဟု နိရဥ္စရာသို့ ပြောသည်။

တင်းထိန်ကန်ကျေးရွာမှ မောင်မျိုးဟိန်းဆွေ(၁၈)နှစ် (ဘ) ဦးမောင်သိန်းလှနှင့် မောင်စိုးမောင်သန်း(၂၂) နှစ် (ဘ) ဦးအောင်ထွန်းမြတို့နှစ်ဦးသည် မြောက်ဦး မြို့သို့ ငွေထုတ်ရန် သွားရောက်စဉ် ဝေသာလီ ကျေးရွာ အရောက်တွင် ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရကြောင်း၊ ၎င်းတို့မိသားစုမှာ အသေးစား ဆန်စက် လုပ်ကိုင်သူများ ဖြစ်၍ ဆိုင်ကယ် တူးဘောက်အတွင်းမှ ငွေပေးချေသူများ၏ စာရင်းကိုတွေ့သွား၍ AA ကို ငွေကောက် ခံသည့် ဖြတ်ပိုင်းဟု ဆိုကာ သူတို့နှစ်ဦးအား စွပ်စွဲ ဖမ်းဆီးထားခြင်း ဖြစ်ကြောင်း  ဦးမောင်သိန်းလှက ပြောကြားသည်။

တရားရုံးတွင် နောက်ထပ် ရမန်ယူရန် ရုံးထုတ်လာသူ ၇ ဦးမှာ မြောက်ဦးမြို့နယ် ဘူးရွက်မညိုးနှင့် အနီးဝန်းကျင် ကျေးရွာအချို့မှ ဖြစ်ပြီး  ပေါက်တောပြင်ကျေးရွာသို့ လက်သမား လာရောက် လုပ်ကိုင်နေစဉ် ဖမ်းဆီးခံကြသူများဖြစ်ကြသည်ဟု ရွာသားများက ပြောဆိုသည်။ 

ရုံးထုတ်ရာသို့ သွားရောက်လေ့လာခဲ့သူ ရခိုင်လူ့အခွင့်အရေး ကာကွယ် မြှင့်တင် သူများ အဖွဲ့၏ ဒါရိုက်တာ ဦးမြတ်ထွန်းက "သူတို့တွေမှာ ဒဏ်ရာတွေ၊ မျက်နှာတွေမှာ ဖူးရောင်ဒဏ်ရာတွေမြင်တွေ့ခဲ့ရပါတယ်။ ခြေကားရားကားရားနဲ့ မသွားနိုင်ကြဘူး။ လူတွေတွဲခေါ်လို့ သွားရပါတယ်။ ဘာကြောင့် ဒဏ်ရာရတာလဲလို့ သူတို့ကို တရားသူကြီးကမေးမြန်းတဲ့အခါ စစ်သားတွေက သေနတ်ဒင်နဲ့ရိုက်တယ်။ ကန်ကျောက်တဲ့ အတွက် အခုလို ဒဏ်ရာရတယ်လို့ ဖြေကြပါတယ်" ဟု နိရဥ္စရာသို့ ပြောသည်။

ဖမ်းဆီးချုပ်နှောင်ခံရစဉ် ယခုကဲ့သို့ ထိခိုက်ဒဏ်ရာ ပြင်းပြင်းထန်ထန်ရရှိအောင် ညှင်းပမ်းနှိပ်စက်ခြင်းသည် လူ့အခွင့်အရေးကြေညာစာတမ်း အပိုဒ် (၅)တွင် ဖော်ပြပါရှိသော "မည်သူ့ကိုမျှ ညှင်းပန်းနှိပ်စက်ခြင်း၊ ရက်စက်ကြမ်းကြုတ်သော၊ လူမဆန်သော၊ လူ့သိက္ခာညှိုးနွမ်းစေသော ပြုမူဆက်ဆံခြင်း၊ ပြစ်ဒဏ်ပေးခြင်း မပြုလုပ်ရ" ဆိုသည့် အချက်ကို ပြောင်ပြောင်တင်းတင်း  ချိုးဖောက်ခြင်း ဖြစ်သည်ဟုလည်း ဦးမြတ်ထွန်းက ဝေဖန်ပြောကြားသည်။

ယင်းနှင့်ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းအား နိရဥ္စရာက ဆက်သွယ်ရာ ဖုန်းလက်ခံဖြေဆိုခြင်းမရှိခဲ့သလို အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ဝင်းဇော်ဦးအား ဆက်သွယ်ခဲ့သော်လည်း ဖုန်းပိတ်ထား၍ တပ်မတော်၏ တုန့်ပြန်ပြောဆိုချက်ကို မရရှိခဲ့ပါ။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်တွင် ဇွန် ၂၂ ရက် နံနက်ပိုင်းတွင် မြောက်ဦးမြို့နယ်၊ တိမ်ညိုကျေးရွာ၏ အရှေ့ တောင်ဘက် မီတာ ၂ဝဝဝ ခန့်အကွာ ရန်ကုန်-စစ်တွေ ပြည်ထောင်စုကားလမ်းမကြီးပေါ်၌ လုံခြုံရေး တပ်ဖွဲ့ဝင် များအား AA အကြမ်းဖက် သောင်းကျန်းသူများက ရီမုမိုင်း ၂ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း၊ မိုင်းဖောက်ခွဲ ခဲ့သည့်နေရာတစ်ဝိုက်အား စစ်ဆေးစဉ် မသင်္ကာဖွယ် ဆိုင်ကယ် စီးနှင်လာသူ ၂ ဦးအား တွေ့ရှိသဖြင့် စစ်ဆေးခဲ့ရာ ရပ်တန့်မှု မရှိဘဲ မောင်းနှင်ထွက်ပြေးခဲ့ပြီး အဆိုပါ ၂ ဦးအား ဝေသာလီ ကျေးရွာ အနီး လုံခြုံရေးဆောင်ရွက်လျက်ရှိသော တပ်ဖွဲ့ဝင်များက ဖမ်းဆီးရမိခဲ့ကြောင်း၊  ၎င်းတို့ ၂ ဦးအား စစ်ဆေးခဲ့ရာ ၄င်းတို့၂ ဦးမှာ မိုင်းဖောက်ခွဲခဲ့သူများ ဖြစ်သည်ဟု သိရှိရကြောင်း၊ ဆိုင်ကယ် တူးဘောက်အတွင်း၌ ကျေးရွာများမှဆက်ကြေး ကောက်ခံထား သော မှတ်တမ်းစာအုပ် ၁ အုပ်၊ AA အကြမ်းဖက် သောင်းကျန်းသူ များဖြင့် Video Call ပြောနေစဉ် ရိုက်ကူးသည့် Screen Shots မှတ်တမ်း ဓာတ်ပုံ ပါရှိသော ဖုန်း ၁ လုံးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း ဖော်ပြထားသည်။
 
ဇွန် ၂ဝ ရက်တွင်ဖမ်းဆီးရမိသူ ၈ဦးအပါအဝင် ၎င်း လူငယ် ၂ ဦးပါ စုစုပေါင်း ၁ဝ ဦး အား ကျောက်တော် မြို့နယ်၊ မြို့မရဲစခန်းသို့ လွှဲပြောင်း၍ လိုအပ်သည့် စစ်ဆေး မေးမြန်းမှုများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းတွင် ဆက်လက် ဖော်ပြထားသည်။

စတင်ဖမ်းဆီးခဲ့စဉ်က စုစုပေါင်း ၁ဝ ဦးဖြစ်သော်လည်း ဖမ်းဆီးစစ်ဆေးခံနေရစဉ်  ပေါက်တောပြင်ရွာမှ ကိုနေမျိုးထွန်းမှာ သေဆုံးသွားခဲ့သဖြင့် လက်ရှိ ၉ ဦး စစ်ဆေးခံနေခြင်း ဖြစ်သည်။

ကျန်သည့် ၉ ဦးကို အကြမ်းဖက်မှုနှင့် ဖောက်ခွဲရေးပုဒ်မတို့ဖြင့် ကျောက်တော် အခြေစိုက် ခမရ(၃၇၄)တပ်ရင်းမှ ဗိုလ်ကြီး နှစ်ဦးမှ တရားလိုလုပ်ပြီး ကျောက်တော်မြို့မ ရဲစခန်းတွင် အမှုဖွင့် ထားခြင်း ဖြစ်သည်ဟု တရားရုံသို့ တက်ရောက်နားထောင်ခဲ့သူ ဦးမြတ်ထွန်းက ပြောဆိုသည်။

(ဓာတ်ပုံ- ဇွန်လ ၂၅ ရက်နေ့က ကျောက်တော်မြို့နယ် တရားရုံတွင် ရုံးထုတ်လာသည့် မောင်မျိုးဟိန်းဆွေ (၁၈) နှစ်အားတွေ့ရစဉ်)

ဆက်စပ် သတင်းများ