စနေ၊ ဧပြီလ ၂၀ရက်၊ ၂၀၂၄

ရသေ့တောင်မြို့နယ်မြောက်ပိုင်းတွင် မိုင်းပေါက်ကွဲသံနှင့်အတူ ပစ်ခတ်သံများကြား၍ ရွာသားထောင်နှင့်ချီပြီးထွက်ပြေးတိမ်းရှောင်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၉ ဇွန် ၂၀၁၉
  • | ကြည့်ရှုသူ: 9.5k

နိရဥ္စရာ၊ ဇွန် ၂၉/ ၂ဝ၁၉

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် မြောက်ပိုင်း ကျောက်တန်းနှင့် လိုင်ဂွင်အကြား တံတားအနီးတွင် မိုင်းပေါက်ကွဲသံများနှင့် အတူ လက်နက်ကြီး လက်နက်ငယ်သံ ပစ်ခတ်သံကြားရ၍ ရွာသားများ ထောင်နှင့်ချီပြီး ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်ဟု သတင်းရရှိသည်။

ကျောက်တန်းဒေသခံအမျိုးသမီးတစ်ဦးက “ ကျွန်မတို့မိသားစု အကုန်လုံး ဆောက်ခပ်ရွာကို ရောက်နေကြပါတယ်။ တစ်ရွာလုံး ထွက်ပြေးကြတာပါ။ ကျွန်မတို့ ကျောက်တန်းရွာကလူတွေ ဆောက်ခပ်၊ ထီးစွဲ၊ သောင်းဒရား ရွာတွေကို ရောက်သွားကြပါတယ်။ မိုင်းပေါက်သံနဲ့ အတူ လက်နက်ကြီး လက်နက်ငယ်သံတွေကြားတော့ ကြောက်ပြီး ထွက်ပြေးကြတာပါ” ဟု ပြောကြားသည်။

အလားတူ လိုင်ဂွင်ကျေးရွာက ရွာသားများလည်း တစ်ရွာလုံး ထွက်ပြေးတိမ်းရှောင်နေကြသည် ယခင်ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောသည်။

“ ဒီကနေ့ ကျွန်တော်တို့ရွာကို လိုင်ဂွင်ချေ ချောင်းဖျားကနေ စစ်ကြောင်း ဝင်လာပါတယ်။ လိုင်ဂွင်းရွာထဲကို စစ်တပ်က ဝင်လာတော့ ရွာသားတွေက ကြောက်ပြီး အကုန်လုံးထွက်ပြေးကြတယ်။ အဖိုးကြီး အဖွားကြီးတွေနဲ့ မသွားနိုင်မလာနိုင်တဲ့ လူတွေဘဲ ကျန်ခဲ့တယ်။ ကျန်ခဲ့တဲ့ လူတွေကို ရွာမှာ စုပြီး စစ်ဆေးတယ်လို့ သိရပါတယ်။ အဲဒီနောက် နေ့လယ် ၂ နာရီကျော်လောက်မှာ ရွာကထွက်ပြီး သွားရာမှာ ကျောက်တန်းနဲ့ လိုင်ဂွင်တံတား အကြားမှာ မိုင်းခွဲတိုက်ခိုက်ခံရတယ်လို့ သိရပါတယ်။ အဲဒီနောက် လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ပစ်ခတ်တာ ဖြစ်ပါတယ်” ၎င်းက ပြောကြားသည်။

လိုင်ဂွင်ရွာသားများမှာ သောင်းဒရားကျေးရွာထိ ထွက်ပြေးခဲ့ကြသည်ဟု ၎င်းက ပြောဆိုသည်။

လက်နက်ကြီးကျည်များမှာ ထီးစွဲရွာနားတွင်တစ်လုံး၊ ဆောက်ခပ် ရွာနားတွင် တစ်လုံး၊ အောင်သာစည်နားတွင် တစ်လုံး ကျရောက် ပေါက်ကွဲခဲ့သည်ဟု ၎င်းက ပြောကြားသည်။

၎င်းစစ်ကြောင်းသည် ရွာက မထွက်ခင်ကတည်းက အနီးအနားရှိ တောင်တန်းများသို့ လမ်းကြောင်းရှင်းသည့် သဘော လက်နက်ကြီးများ ပစ်ခတ်မှုများရှိခဲ့ပြီး အသက်အရွယ်ကြီးသူ နှစ်ဦးထိခိုက် မှုရှိသည်ဟု သတင်းရရှိကြောင်း ၎င်းက ပြောကြားသည်။
 
အဆိုပါ တိုက်ပွဲသတင်းနှင့် ပတ်သက်ပြီး တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းသို့ ဆက်သွယ်ရာ သူသတင်းမရရှိသေးကြောင်း ပြောကြားသည်။

ဆက်စပ် သတင်းများ