ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

မင်းပြားမြို့နယ် နေရာသုံးခုတွင် တိုက်ပွဲဖြစ်ပွားလျက်ရှိ၊ ကျေးရွာသားများ ရွာလုံးကျွတ်ထွက်ပြေး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၂ ဇူလိုင် ၂၀၁၉
  • | ကြည့်ရှုသူ: 4.3k

သိန်းဇော် (မောင်တော)
စစ်တွေ၊ ဇူလိုင် ၂ /၂ဝ၁၉

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ် နေရာသုံးခုတွင်  မြန်မာတပ်မတော်နှင့် ရက္ခိုင်တပ်တော် (AA) တို့ အကြား ပြင်းထန်စွာ တိုက်ပွဲဖြစ်ပွားလျက် ရှိကြောင်း သတင်းရရှိသည်။

ယနေ့ ညနေ ၃နာရီခန့်ကနေစတင်ပြီး မင်းပြားမြို့နယ်၊ ချောင်းတို၊ ပိန္ဓဲတောင်၊ သာစည် ကျေးရွာအနီး သုံးနေရာတိုက်ပွဲဖြစ်ပွားလျက်ရှိပြီး ချောင်းတို ကျေးရွာသားများ ရွာလုံးကျွတ်ထွက် ပြေးနေကြကြောင်း ဒေသခံများပြောကြားသည်။

ဒေသခံတစ်ဦး က “ ကျနော်တို့ မင်းပြားမြို့နယ် အထဲမှာ သုံးနေရာတိုက်ပွဲ ဖြစ်နေပါတယ်။ သုံးနာရီကနေစပြီး အပြန်အလှန် ဖြစ်နေတာပါ။ အခုထိ ဖြစ်နေတုန်းပါ။ တိုက်ပွဲဖြစ်လို့ မြောက်ဦးဘက်ကနေ လက်နက်ကြီးနဲ့ ပစ်လို့ ချောင်းတိုရွာက တစ်ရွာလုံး ငတာရွာကို စက်လှေတွေနဲ့ ထွက်ပြေး ရောက်ရှိနေကြပါတယ်” ဟု နိရဥ္စရာ သတင်ဌာနသို့ ပြောသည်။

ကျေးရွာအနီး တိုက်ပွဲဖြစ်ပွား၍ နေအိမ်များတွင် ကျည်ဆံများ ထိမှန်မှု ရှိသဖြင့် ချောင်းတို ကျေးရွာသားများ ရွာလုံးကျွတ် ပြင်ယောင်း အုပ်စု ငတာကျေးရွာသို့ ထွက်ပြေးရောက်ရှိ နေကြကြောင်း ချောင်းတို ကျေးရွာသား ဦးစောသန်မောင်က ပြောသည်။


“ ကျနော်တို့ ကျေးရွာအရှေ့ဘက် ၂ဖာလုံလောက်မှာ တိုက်ပွဲ ဖြစ်နေတာပါ။ တိုက်ပွဲဖြစ်လို့ ကျည်ဆံက ရွာထဲကိုလာကျတယ်။ လာကျတော့ ကျနော်တို့က ကြောက်ပြီး ကလေးတွေ မိန်းမတွေနဲ့ ထွက်ပြေးလာကြတာပါ” ဟု ချင်းအမျိုးသားတစ်ဦးဖြစ်သူ ဦးစောသန်မောင်က ပြောသည်။

မင်းပြားမြို့နယ် အတွင်း တိုက်ပွဲ ဖြစ်ပွားမှုနှင့် ပတ်သက်ပြီး ဟုတ်/ မဟုတ် အတည်ပြုရန် တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်း အား နိရဥ္စရာမှ ယနေ့ ညနေ ၇ နာရီခွဲတွင် ဆက်သွယ် ခဲ့ရာ ဆက်သွယ်မှု မရရှိသည့် အတွက် တပ်မတော်ဘက်မှ ဖြေကြားခြင်းကို တင်ပြနိုင်ခြင်းမရှိပါ။

ဆက်စပ် သတင်းများ