ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

စစ်တွေ စစ်ရေယာဉ်ပစ်ခတ်မှု သံသယဖြင့်ဖမ်းဆီးခံရသူ ၁ဝဦးထဲမှ ၇ဦးကိုရမန်ယူ၊၃ဦးကိုပြန်လွှတ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၅ ဇူလိုင် ၂၀၁၉
  • | ကြည့်ရှုသူ: 4.4k

ဆောင်းဇာခြည်
နိရဥ္စရာ၊ ဇူလိုင် ၅/ ၂ဝ၁၉

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ဆတ်ရိုးကျချောင်းဝတွင် ရပ်နားထားသည့် ရေတပ်စစ်သင်္ဘော ပစ်ခတ်ခံရမှုနှင့်ပတ်သက်ပြီး သံသယဖြင့် ဖမ်းဆီး စစ်ဆေးခံနေရသူ ၁ဝဦးထဲမှ ၃ ဦးကို ယနေ့ ဇူလိူင် ၅ ရက်နေ့တွင် လွှတ်ပေးလိုက်ပြီး ၇ ဦးကို  စစ်တွေမြို့နယ်တရားရုံးတွင် ပထမအကြိမ် ရမန်ယူခဲ့ကြောင်း သိရသည်။

လွတ်မြောက်လာသူများမှာ မောင်စိုးနိုင်လင်း (၂၅)နှစ်၊ မောင်ထွန်းထွန်း (၂ဝ)နှစ်နှင့် မောင်ကျန်လူ (၂၈)နှစ်တို့ဖြစ်ကြသည်။

ချုပ်ရမန်ယူခြင်းခံခဲ့ရသူများမှာ မောင်စိုးဌေးအောင်နိုင် (၂ဝ)နှစ်၊ မောင်ခိုင်မြတ်ဝင်း(၂ဝ)နှစ်၊ ဦးထွန်းရွှေ (၅၁)နှစ်၊ ဒေါ်သူဇာ ( ၄၈) နှစ်၊ မောင်ရဲမင်းနိုင် (၂၆)နှစ်၊ ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင် ဦးအောင်လင်းဦး၊ မန်နေဂျာ ဦးအောင်နိုင်တို့ ဖြစ်ကြောင်း သိရသည်။

“ကျွန်မသားလေးက သူ့ကို ရိုက်လို့ ဒဏ်ရာတွေအများကြီးပဲလို့ ပြောတယ်။ ဖမ်းထားတဲ့နေ့ကနေ မတွေ့ရဘူး။ ဒီနေ့မှ တွေ့လိုက်ရတာပါ။ ကျွန်မသား အပြစ်မရှိဘဲ အဖမ်းခံထားရတယ်။ အရိုက်လည်းခံရတယ်။ မတရားဘူးလို့ မြင်တယ်။ အမြန်ဆုံးလွှတ်ပေးစေချင်ပါတယ်”ဟု မောင်စိုးဌေးအောင်နိုင်၏ မိခင်ဒေါ်မနီလှကပြောသည်။


ဖမ်းဆီခံထားရသူ ၇ဦးတို့အား တရားစွဲဆိုခြင်းမရှိသေးဘဲ ဇူလိုင်လ ၂၈ ရက်နေ့ကို ထပ်မံရုံးချိန်းလိုက်ကြောင်း သိရသည်။

ဆက်လက်ဖမ်းဆီးခံထားရသူများအထဲမှ  မောင်စိုးဌေးအောင်နိုင်၊ မောင်ခိုင်မြတ်ဝင်းတို့မှာ ဆတ်ရိုးကျအနောက်ရပ်ကွက် မှဖြစ်ပြီး ဦးထွန်းရွှေ၊ ဒေါ်သူဇာ၊  မောင်ရဲမင်းနိုင်၊ ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင် ဦးအောင်လင်းဦး၊ မန်နေဂျာ ဦးအောင်နိုင်တို့မှာ ရွှေပြည်သာရပ်ကွက်မှ ဖြစ်ကြသည်။ 

လွတ်လာသူ ၃ ဦးထဲတွင် မောင်စိုးနိုင်လင်းသည် ရသေ့တောင်မြို့နယ် ရေစိုးချောင်းကျေးရွာမှဖြစ်ပြီး မောင်ထွန်းထွန်းသည် ဘူးသီးတောင်မြို့မှ ဖြစ်ကာ မောင်ကျန်လူသည် စစ်တွေမြို့ရှိ ကယုချောင်း ကျောင်း ဘုန်းကြီးကျောင်းတွင် အမြဲနေထိုင်သူဖြစ်ကြောင်းလည်း သိရသည်။

ဖမ်းဆီးခံထားရသူ မောင်ခိုင်မြတ်ဝင်း မိခင် ဒေါ်စောဝင်းသိန်းက “ကျမသားက ပန်းရံလုပ်နေတာပါ။ တစ်ရက်ကို တစ်သောင်းနဲ့။ အပြစ်မရှိဘဲအခုလို ဖမ်းထားတော့ ပြန်လွှတ်ပေးစေချင်ပါတယ်။ စစ်သင်္ဘောပစ်ခတ်ခံရတဲ့နေ့က ကျွန်မသားကို ပထမတစ်ခေါက် စစ်ဆေးမယ်လို့ သူတို့  ခေါ်သွားကြတယ်။ နောက်တစ်နေ့ ပြန်လွှတ်ပေးလိုက်တယ်။ နောက်တစ်နေ့ကျတော့ ပြန်ခေါ်တယ်။ စစ်ဆေးစရာတွေရှိတယ်ဆိုပြီးတော့”ဟု ပြောသည်။

ဖမ်းဆီးစစ်ဆေးခံခဲ့ရသူ ၁ဝ ဦးသည် ဇွန်လ ၂၂ ရက်နေ့ နံနက် ၄ နာရီခန့်က တပ်မတော်တွဲဆွဲရေယာဉ်တစ်စီးကို ရက္ခိုင့်တပ်တော်(AA)က တိုက်ခိုက်ခဲ့ပြီးနောက် သံသယဖြင့် ဖမ်းဆီးခံနေရသူများဖြစ်ကြောင်း သိရသည်။

ဆက်စပ် သတင်းများ