ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

စစ်တွေတက္ကသိုလ်တွင် ဆိုင်ကယ်ပျောက်ဆုံးမှုများလာ၍ လုံခြုံရေးတိုးမြှင့်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၉ ဇူလိုင် ၂၀၁၉
  • | ကြည့်ရှုသူ: 7.9k

သန်းသန်း၊ စစ်တွေ
နိရဥ္စရာ၊ ဇူလိုင် ၉ / ၂ ဝ၁၉

ရခိုင်ပြည်နယ်ရှိ စစ်တွေတက္ကသိုလ်တွင် ဆိုင်ကယ်များပျောက်ဆုံးနေ၍ လုံခြုံရေး တိုးမြှင့်သည့်အနေဖြင့် ကျောင်း၏ အရေးပေါ်ထွက်ပေါက်ကို ဇူလိုင် ၈ ရက်နေ့မှစ၍ ပိတ်ထားလိုက်ပြီဖြစ်ကြောင်း သတင်းရရှိသည်။

စစ်တွေတက္ကသိုလ်ဘေးဘက် အရေးပေါ်တံခါးပေါက် (မင်းဂံရပ်ကွက်သွားလမ်း)တွင် ရပ်နားကြသည့် ကျောင်းသူ၊ ကျောင်းသားများ၏ ဆိုင်ကယ်များသည် ယခုနောက်ပိုင်း ပျောက်ဆုံးမှုများ ရှိလာနေသည့်အတွက် အဆိုပါထွက်ပေါက်ကို လုံခြုံရေးအရ ပိတ်သိမ်း လိုက်ရခြင်းဖြစ်ကြောင်း စစ်တွေတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာဝင်းနိုင်က နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

 “ပြီးခဲ့တဲ့ လပိုင်းတွေမှာလည်း ကျောင်းအောက်ထပ်မှာ ရပ်ထားတဲ့ မော်တော်ဆိုင်ကယ်တွေပျောက်တယ်။ ဆိုင်ကယ်ရပ်တဲ့ စတန်းမှာလည်း ပျောက်တယ်။ အထဲမှာရပ်ထားတဲ့ ဆိုင်ကယ်တွေလည်း ပျောက်တယ်။ ဖြစ်နိုင်ခြေတွေကလည်း မျိုးစုံပဲ။ ကျောင်းရဲ့အပြင် ခြံစည်းရိုးတွေကလည်း အရင် မုန်တိုင်းဒဏ်ကြောင့် လဲနေပြီး အထက်က သံဆူးတွေက မရှိတော့ဘူး။ လုံခြုံရေး အားနည်းတယ်ပေါ့နော်။ အနီးအနားမှာ ဘာသာခြားရွာတွေလည်းရှိတယ်။ ဒါကြောင့် ဆရာများသမဂ္ဂ၊ ကျောင်းသားများ သမဂ္ဂတွေအားလုံးပေါင်းပြီး ပိတ်လိုက်ကြတာပါ။ အဲဒီဘက်ကို ပိတ်ပြီး လုံခြုံရေးပိုကောင်းအောင် လုပ်ကြတာပါ"ဟု ဒေါက်တာ ဝင်းနိုင်က ပြောသည်။

စစ်တွေတက္ကသိုလ်ရှိ ကျောင်းသူ၊ ကျောင်းသားများအနက် ဆိုင်ကယ် စီးလာသူများသည် ယခုပိတ်လိုက်သည့်ထွက်ပေါက်အနီးတွင် ဆိုင်ကယ် ရပ်နားတတ်ပြီး အဆိုပါထွက်ပေါက်တွင် လုံခြုံရေး ဝန်ထမ်း နှစ်ဦးရှိသော်လည်း ဆိုင်ကယ်များပျောက်ဆုံးနေကြောင်း စစ်တွေ တက္ကသိုလ်ကျောင်းသား သမဂ္ဂ ဥက္ကဋ္ဌ ကိုကျော်နိုင်ဌေးက ပြောသည်။

ကိုကျော်နိုင်ဌေးက “ခုနောက်ပိုင်းမှာ ဆိုင်ကယ်ပျောက်တာတွေဟာ တဖြည်းဖြည်း များလာတယ်။ ဒါကြောင့် ဆိုင်ကယ်ပျောက်တာကို လျှော့ချနိုင်ဖို့အတွက် ကျွန်တော်တို့က ဘေးဘက်ထွက်ပေါက်ကို ပိတ်လိုက်တယ်။ အဓိက အကြောင်းအရင်းက ဆိုင်ကယ်ပျောက်တယ်။ လုံခြုံရေး အားနည်းတယ်ပေါ့နော်။ ဒါကြောင့် အဓိကဝင်ပေါက်ကို ဖွင့်ထားပြီးတော့ ဘေးပေါက်ကိုပိတ်လို်က်တာပါ။ လုံခြုံရေးရှိပေမယ့် အားနည်းပါတယ်။ ကျွန်တော်တို့စာသင်နေချိန် မသမာတဲ့သူတွေက ကိုယ့်ဆိုင်ကယ်ပုံစံမျိုးနဲ့ ယူသွားတာတွေလည်းရှိတယ်” ဟု ပြောသည်။

ယခုလပိုင်းအတွင်း ဆိုင်ကယ် ၃ စီးပျောက်ဆုံးသွားပြီဖြစ်ပြီး ယခင်လများကလည်း ပျောက်ဆုံးမှုများရှိခဲ့ကြောင်း၊ ပျောက်ဆုံး သွားသည့် ဆိုင်ကယ်အရေအတွက်ကို အသေအချာ  မသိကြောင်း၊ ဆိုင်ကယ်ပျောက်သည့်ကိစ္စနှင့် ပတ်သက်၍လည်း ကျောင်းလုံခြုံရေးကို အခုထက် ပိုကောင်းစေချင်သည်ဟု စစ်တွေတက္ကသိုလ်မှ သတ္တဗေဒ တတိယနှစ်ကျောင်းသူ မစောနန်းမွန်က ပြောသည်။
သူမက “စစ်တွေတက္ကသိုလ်ဆိုတာက ရခိုင်ပြည်နယ်ရဲ့ အကြီးဆုံး ကျောင်းပေါ့နော်။ဒါတွက် သက်ဆိုင်ရာလူကြီးတွေအနေနဲ့ လိုအပ်တာတွေကို သေချာလေးလုပ်ပေးစေချင်တယ်လို့ ”ဟု ပြောသည်။

လက်ရှိ စစ်တွေတက္ကသိုလ်တွင် နေ့ကျောင်းသားအဖြစ် တက်ရောက်ပညာသင်နေကြသည့်ကျောင်းသူ၊ ကျောင်းသားပေါင်း ၃ ထောင်ကျော်ရှိကြောင်းလည်း သိရသည်။

ဆက်စပ် သတင်းများ