ဗုဒ္ဓဟူး၊ ဧပြီလ ၂၄ရက်၊ ၂၀၂၄

ဂျာမနီနိုင်ငံ(GIZ)အကူအညီဖြင့် စစ်တွေတွင် အခြေခံစက်ချုပ်သင်တန်း တစ်ခု ဖွင့်လှစ်ပို့ချနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၉ ဇူလိုင် ၂၀၁၉
  • | ကြည့်ရှုသူ: 3.1k

နှင်းဝေဝေကျော်
နိရဥ္စရာ ၊ ဇူလိုင် ၉/၂ဝ၁၉

ရခိုင်ပြည်နယ်မှ အမျိုးသမီးငယ်များ အလုပ်အကိုင်အခွင့်အလမ်းရရှိစေရန် ရည်ရွယ်ပြီး ဂျာမနီနိုင်ငံ အခြေစိုက်ဖွံ့ဖြိုးရေး မိတ်ဖက် အဖွဲ့အစည်း (GIZ) ၏ အကူအညီဖြင့် အခြေခံစက်ချုပ်သင်တန်းတစ်ခုကို စစ်တွေမြို့ အစိုးရနည်းပညာအထက်တန်းကျောင်းတွင် ဖွင့်လှစ်ပို့ချလျက်ရှိကြောင်း သိရသည်။

အဆိုပါသင်တန်းကို အစိုးရနည်းပညာအထက်တန်းကျောင်းတွင် ဇူလိုင်လ (၁) ရက်နေ့မှစတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး သင်တန်းကာလ (၃) လတိတိ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အစိုးရနည်းပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ကြီး ဦးမင်းဇော်ဦးက “ အခုကတော့ အခြေခံ(၃)လဖွင့်လှစ်တာဖြစ်ပြီး ဒါပြီးရင်တော့ အဆင့်မြင့် (၃)လသင်တန်းကို ဖွင့်လှစ် သင်ကြား ပေးသွားမှာပါ။ အဆင့်မြင့် သင်တန်းကိုတော့ အခြေခံတတ်မြောက်ပြီးတဲ့ သင်တန်းသူ ဘယ်သူမဆို တက်ရောက်ခွင့်ရှိပါတယ် ” ဟုပြောသည်။

တတိယအကြိမ်မြောက် ဖွင့်လှစ်သည့်အဆိုပါသင်တန်းတွင် စစ်တွေမြို့ပေါ်မှ သင်တန်းသူ(၂၅)ဦး တက်ရောက်လျက်ရှိပြီး သင်တန်းနည်းပြဆရာမ (၃) ဦးက တာဝန်ယူသင်ကြားပို့ချပေးနေကြာင်း သိရသည်။

 “ သင်တန်းသူတွေအနေနဲ့  ဒီသင်တန်းပြီးရင် အလုပ်အကိုင် အခွင့် အလမ်းတွေ ရရှိလာမယ်။ ဘာလို့လဲဆိုတော့ ဒီသင်တန်းပြီးတဲ့အချိန်မှာ သင်တန်းသူတွေကို ကိုယ်ပိုင်စက်ချုပ်ဆိုင် ဖွင့်နိုင်အောင် စက်တွေကို တစ်ခါတည်း ပေးအပ်သွားမှာပါ” ဟု ကျောင်းအုပ်ကြီး ဦးမင်းဇော်ဦးက ဆက်လက်ပြောသည်။

အဆိုပါသင်တန်းကို နည်းပညာ သက်မွေးပညာနှင့် လေ့ကျင့်ရေး ဦးစီးဌာနမှ ဖွင့်လှစ်ခြင်းဖြစ်ပြီး ဂျာမနီနိုင်ငံ အခြေစိုက်ဖွံ့ဖြိုးရေး မိတ်ဖက် အဖွဲ့အစည်း (GIZ) ကအဓိကပံ့ပိုးပေးသည်ဟု သိရသည်။

သင်တန်းတွင် သင်တန်းသူတစ်ယောက်လျှင် အပ်ချုပ်စက်(၁)လုံး ၊ သင်တန်းဝတ်စုံနှင့် တခြားသင်ထောက်ကူပစ္စည်းများကိုလည်း ပံ့ပိုး ပေးထားကြောင်း သိရသည်။
 

ဆက်စပ် သတင်းများ