ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

ရခိုင်စင်္ကာပူအသင်းဥက္ကဋ္ဌအပါအဝင် ၆ ဦးဖမ်းဆီးခံရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၀ ဇူလိုင် ၂၀၁၉
  • | ကြည့်ရှုသူ: 8.7k

နိရဥ္စရာ၊ ဇူလိူင် ၁ဝ/ ၂ဝ၁၉

စင်္ကာပူရှိ ရခိုင်စင်္ကာပူအသင်းဥက္ကဋ္ဌ အပါအဝင် ရခိုင်အမျိုးသား ၆ ဦးကို စင်္ကာပူရဲနှင့် လဝကမှ ဖမ်းဆီးသွားကြောင်း သတင်းရရှိသည်။

အမည်မဖော်လိုသူ စင်္ကာပူတွင် နေထိုင်သည့် ၎င်းအဖွဲ့ဝင် တစ်ဦးက “ ဇူလိူင် ၉ ရက်နေ့ မနက်မှာ စင်္ကာပူရခိုင်အသင်း ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ၊ ပြန်ကြားရေးတာဝန်ခံနဲ့ နောက်အဖွဲ့ဝင်တစ်ဦးတို့ကို ဖမ်းပါတယ်။ ဒီကနေ့ ဇူလိူင် ၁ဝ ရက် နံနက် ၆ နာရီမှာ တစ်ခါ နောက်ထပ် ၂ ဦးထပ်အဖမ်းခံရပါတယ်” ဟု နိရဥ္စရာသတင်းဌာနသို့ ပြောကြားသည်။

အဖမ်းခံရသူများထဲတွင် Arakan Association (Singapore) ဥက္ကဋ္ဌ ဦးဟိန်းဇော်၊ ဒုဥက္ကဋ္ဌ မေကြီး(ခ) မအေးမြတ်မွန်၊ ပြန်ကြားရေး တာဝန်ခံ သားလေး(ခ) ကိုရဲကျော်ထက်၊ ကိုတင်လှိုင်ဦးတို့ကို ဇူလိူင် ၉ ရက်နေ့ နံနက် ၈ နာရီနှင့် ၁ဝ နာရီကြားတွင် ၎င်းတို့၏ နေအိမ်အသီးသီးမှ ဖမ်းခေါ်သွားခဲ့သည်ဟု ဆိုသည်။

ယနေ့နံနက် ၆ နာရီမှ ဖမ်းဆီးခေါ်ဆောင်ခံရသူ ၂ ဦးမှာ ကိုအောင်မြတ်ကျော်နှင့် ကိုထွန်းအေးတို့ ဖြစ်ကြသည်ဟု သိရသည်။

“ သူတို့နှစ်ဦးကိုတော့ ဒီကနေ့ မနက် ၆ နာရီမှာ ဖမ်းသွားတယ်။ ကိုအောင်မြတ်ကျော်ရဲ့ အိမ်ပေါ်မှာ စင်္ကာပူရဲ ပြောသွားတာကတော့ မြန်မာအစိုးရက ဖမ်းခိုင်းတဲ့အတွက် ဖမ်းတယ်လို့ ပြောသွားတယ်လို့ သိရပါတယ်။ ပီးရင် ကွန်ပျူတာ၊ လက်ဖ်တော့၊ ဗီဒီယိုဖိုင်က အစအကုန်လုံးသိမ်းသွားတယ်လို့ သိရပါတယ်။ မှတ်တမ်းမှတ်ရာတွေ ပြုလုပ်ပြီး သိမ်းသွားတယ်လို့ သိရပါတယ်” ဟု ပြောကြားသည်။

လက်ရှိ အချိန်တွင် ထိုမျှသာ သတင်းရရှိသေးပြီး နောက်ထပ် သတင်းမရသေးကြောင်း ၎င်းက ပြောကြားသည်။

ယခု ဖမ်းဆီးမှုသည် စင်္ကာပူနို်င်ငံတွင် ရခိုင်အဖွဲ့အစည်း တစ်ခုအား ပထမဆုံးအကြိမ် ဖမ်းဆီးမှု ဖြစ်ကြောင်း သိရသည်။

ဆက်စပ် သတင်းများ