ကြာသပတေး၊ ဧပြီလ ၁၈ရက်၊ ၂၀၂၄

စင်္ကာပူမှပြန်ပို့ခံရသည့် ကျောက်တော်မှလူငယ်နှစ်ဦးအတွက် လွှတ်တော်ကိုယ်စားလှယ်နှစ်ဦးမှ တည်အေးထောက်ကော်မတီကို မေတ္တာရပ်ခံကူညီတောင်း


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၈ ဇူလိုင် ၂၀၁၉
  • | ကြည့်ရှုသူ: 9.3k


ခိုင်လူလှ(ရိုးမမြေ)
နိရဥ္စရာ၊ ဇူလိူင် ၁၈/ ၂ဝ၁၉

စင်္ကပူနိုင်ငံမှ ပြန်ပို့ခံရသည့် ဖမ်းဆီးခံ ရခိုင်လူငယ် ၆ ဦးထဲတွင် ပါဝင်သည့် ကျောက်တော်မြို့နယ်မှ လူငယ်နှစ်ဦးအား ဖမ်းဆီးထားခြင်းနှင့်ပတ်သက်ပြီး ကျောက်တော်မြို့နယ်မှ အမျိုးသားလွှတ်တော်ကိုယ်စားဦးမြင့်နိုင်နှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းဝင်းတို့မှ ရခိုင်ပြည်နယ် တည်ငြိမ် အေးချမ်းအထောက်အကူပြုကော်မတီ ဥက္ကဋ္ဌထံသို့ စာရေးပြီး မေတ္တာရပ်ခံ ကူညီတောင်းခံလိုက်သည်ဟု သတင်းရရှိသည်။

ကျောက်တော်မြို့နယ်မှ အမျိုးသားလွှတ်တော်ကိုယ်စားဦးမြင့်နိုင်က “ ကျွန်တော်တို့ စင်္ကာပူက ပြန်လာတဲ့ ကလေးနှစ်ယောက်ပေါ့နော်။ ပြန်လာတဲ့ အချိန်မှာ မန္တလေးကို သွားတဲ့အချိန်မှာ လမ်းမှာဖမ်းမိတယ်ဆိုပြီး သူတို့မိသားစုတွေကတွေ့ခွင့်မရဘူးဆိုတာကို ကျွန်တော်တို့ကို လာပြီးကူညီတောင်းပါတယ်။ သူ့အဖေရော။ ပီးရင် ကျွန်တော်တို့ မြို့နယ်က ကလေးတွေလည်း ဖြစ်တယ်။ ကျွန်တော်တို့ မြို့နယ်မှာမွေးတဲ့ ကျောက်တော် ဇာတိတွေပေါ့။ နှစ်ယောက်လုံးက။ သူတို့ မိဘတွေနဲ့လည်း ကျွန်တော်တို့ ရင်းနှီးတဲ့သူတွေဆိုတော့ သူတို့ အကူအညီတောင်းတဲ့အခါကျတော့ တည်ငြိမ် အေးချမ်းအထောက်အကူပြုကော်မတီ ဥက္ကဋ္ဌ ဦးအေးသာအောင်ကို သွားတွေ့တယ်။ ဥက္ကဋ္ဌဒါလေးကူညီပေးပါ။ ကျွန်တော်တို့ မြို့နယ်က ကလေးတွေ ဖြစ်တယ်။ ပြောတဲ့အခါကျတော့ ဥက္ကဋ္ဌက ကျွန်တော်တို့ကို စာနဲ့ ရေးပြီး တင်ပေးပါဆိုတာနဲ့ ကျွန်တော်နဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းဝင်းနဲ့ ပူပေါင်းပြီး စာတစ်စောင်ရေးတင်ဖြစ်တာပါ” ဟု ပြောကြားသည်။

၎င်းလူငယ် နှစ်ဦးမှာ ကိုတင်လိူင်ဦး(ဘ) ဦးထွန်းတင်နှင့် မေကြီး(ခ) အေးမြတ်မွန် (ဘ)ဦးကျော်မောင်တို့ ဖြစ်ကြသည်။

၎င်းစာအား ဇူလိူင် ၁၇ရက်နေ့က ပေးပို့ခဲ့ပြီး စာထဲတွင် ဇူလိူင် ၁ဝ ရက်နေ့က စင်္ကာပူနိုင်ငံမှ ပြန်ရောက်လာသည့် ကျောက်တော်မြို့နယ်မှ လူငယ်နှစ်ဦးတို့အား ဇူလိူင် ၁၁ ရက်နေ့တွင် ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် (၂၁ဝ) တွင် ဖမ်းဆီးခဲ့ကြောင်း၊ ၎င်းလူငယ်နှစ်ဦးမှာ ကျောက်တော်ဇာတိဖြစ်ပြီး စင်္ကာပူနိုင်ငံတွင် နေထိုင်နေသည်မှာ (၁ဝ) နှစ်ကျော်ရှိပြီ ဖြစ်ကြောင်း၊ ၎င်းလူငယ်နှစ်ဦး၏ မိဘများအနေဖြင့် မည်သည့်နေရာတွင် ဖမ်းဆီးထားပြီး မည်သည့်အကြောင်းကြောင့် ဖမ်းဆီးထားသည်ကို မသိရှိရဘဲ ဖြစ်နေသလို မိသားစုများနှင့်လည်း တွေ့ဆုံခွင်မရဘဲ ဖြစ်နေကြောင်း၊ သို့အတွက် မိသားစုများနှင့် တွေ့ခွင့်ရရေးနှင့် မည်သည့်နေရာတွင် ဖမ်းဆီးထားသည်ကို သိရှိခွင့်ရရှိရေး ကူညီပေးပါဟု ဖော်ပြထားသည်။

၎င်းတို့နှစ်ဦး၏ နောက်ဆုံး အခြေအနေနှင့် ပတ်သက်ပြီး ဦးမြင့်လိူင်က “ ကျွန်တော်တို့ သူတို့ အဖမ်းခံရတဲ့ နေ့က ဦးထွန်းဝင်းက နေပြည်တော်က ရဲတပ်ဖွဲ့ကို လှမ်းမေးတာတော့ ရှိိပါတယ်။ လှမ်းမေးတဲ့ အခါကျတော့ နေပြည်တော်မှာ မရှိတော့ဘူးဆိုတာ အဲဒီတစ်ခုဘဲ ကြားပါတယ်။ အဲဒါဘဲ ကျွန်တော်တို့ သိပါတယ်။ နောက်ဆုံးအခြေအနေကတော့ ကျွန်တော်တို့ ကိုယ်တိုင်လည်း ဘာမှန်း မသိဘူးဖြစ်နေတယ်။ သူတို့မိဘတွေလည်း မတွေ့ရသေးဘူး။ မနေ့ကထိ၊ သူတို့မိဘ နှစ်ဦးစလုံးနဲ့ ကျွန်တော် အဆက်အသွယ်ရပါတယ်။ တွေ့ပြီလားဆိုတော့ မတွေ့ရသေးဘူး။ တင်လိူင်ဦးအဖေကတော့ လူ့အခွင့်အရေး ကော်မရှင်ကို အကြောင်းကြားတယ်လို့တော့ ပြောပါတယ်။ အဲဒါလောက်ဘဲ သိပါတယ်။ ကျန်တာကတော့ မသိရသေးပါ” ဟု ဆက်လက် ပြောဆိုသည်။

လက်ရှိအချိန်တွင် သူတို့နှစ်ဦးအပါအဝင် စင်္ကာပူနိုင်ငံမှ ပြန်ပို့ခံရပြီး ၆ ဦးအား ဖမ်းဆီးထားသည့် (၈) ရက်မြောက် ရှိသွားပြီ ဖြစ်သော်လည်း  မိသားစုများမှ တွေ့ခွင့်မရသလို မည်သည့်နေရာတွင် ချုပ်နှောင်ထားသည်ကို မသိရှိရဟု ဆွေမျိုးများက ပြောကြားသည်။

လက်ရှိ အင်တာနက် လူမှုကွန်ယက် စာမျက်နာပေါ်တွင် AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ညီတော်စပ်သူ ကိုအောင်မြတ်ကျော်နှင့် နောက်တစ်ဦးတို့မှာ စစ်ကြောရေးတွင် သေဆုံးသွားပြီ ဖြစ်ကြောင်း သတင်းပျံ့နှံ့နေသော်လည်း သက်ဆိုင်ရာ ရဲတပ်ဖွဲ့ကို ဆက်သွယ်၍ မရရှိသေးသဖြင့် နိရဥ္စရာ သတင်းဌာန အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။

ဆက်စပ် သတင်းများ