ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

ရခိုင်မြို့နယ်၄ခုတွင် ရေနစ်မြုပ်မှုကြောင့် စပါးစိုက်ဧက၇သောင်းခန့်ပျက်စီးမှုရှိနိုင်ဟုပြော


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၈ ဇူလိုင် ၂၀၁၉
  • | ကြည့်ရှုသူ: 5.8k

သိန်းဇော်(မောင်တော)
စစ်တွေ၊ ဇူလိုင် ၁၈/၂ဝ၁၉

ရခိုင်ပြည်နယ်အတွင်း မိုးကြီးရေလျှံပြီး ရေနစ်မြုပ်မှုကြောင့် မြို့နယ် ၄ ခုတွင် စပါးစိုက်ပျိုးထားသည့် လယ်ဧကပေါင်း ၇သောင်းကျော် ပျက်စီးမှုရှိနိုင်ကြောင်း ဒေသခံလယ်သမားများနှင့် သမဂ္ဂအဖွဲ့ဝင်များ၏ စစ်တမ်း ကောက်ထားချက်ကို ကိုးကားပြီး ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမား သမဂ္ဂ(APU)မှ ဥက္ကဋ္ဌ ဦးကျော်ဇံက နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

စပါးစိုက်ခင်းများ ပျက်စီးခဲ့ရသည့် မြို့နယ် ၄ခုမှာ ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်တော်မြို့နယ်၊ မြောက်ဦးမြို့နယ်နှင့် မင်းပြားမြို့နယ်တို့ ဖြစ်ကြောင်း သိရသည်။

 “ ပုဏ္ဏားကျွန်းမြို့နယ် ကျေးရွာပေါင်း ၁ဝ ရွာမှာ စိုက်ပျိုးထားသည့် ဧက ၂သောင်း ၅ ထောင်ခန့်မှာ  ဧက ၁သောင်း ဝန်းကျင်ပျက်စီးနိုင်တယ်လို့ သိရပါတယ်။ ကျောက်တော်မြို့နယ် တောင်ပိုင်၊ အနောက်ပိုင်း၊ အရှေ့ မြောက်ပိုင်း တို့မှာ မျိုးစေ့ချစိုက်ပျိုးထားတဲ့ အထဲက  ဧကပေါင်း ၃သောင်း ၃ထောင်ကျော်ခန့် ပျက်စီးနိုင်သလို မြောက်ဦးမြို့နယ် အတွင်း ဧက ၂သောင်းကျော်လောက် ပျက်စီးနိုင်တယ်လို့သိရှိရပါတယ်။  မင်းပြားမြို့နယ် ပန်းမြောင်းကြီးချောင်း ဒေသမှာ လည်း ဧက ၅ထောင်ကျော်လောက်ပျက်စီးခဲ့တယ်လို့သတင်းရရှိပါတယ်” ဟု ဥက္ကဋ္ဌ ဦးကျော်ဇံက နိရဥ္စရာသို့ ပြောဆိုသည်။

ဇူလိုင်လ ဒုတိယအပတ်အတွင်း မိုးကြီးရေလျှံပြီး လယ်ကွင်းများ ရေနစ်မြုပ်မှုကြောင့် တစ်ဝက်ခန့် ပျက်စီး သွားသော လယ်မြေများရှိသလို အလုံးစုံ ပျက်စီးသွားသော လယ်မြေများရှိကြောင်း၊ သို့အတွက် ပျက်စီးမှုကို  အပိုင်းနှစ်ပိုင်းခွဲ၍ သုံးသပ်နိုင်ကြောင်း ဥက္ကဋ္ဌ ဦးကျော်ဇံက ဆက်လက် ပြောသည်။

ကျောက်တော်မြို့နယ်အောက်ပိုင်း ပြိန်းချောင်း၊ ပြောင်းဆိပ်၊ အောင်ဇေယျ၊ခွဆုံ ဆိုသည့် နေရာများတွင် မြေနိမ့်လွင်ပြင်ဖြစ်သည့်အတွက် ရေနစ်မြုပ်သွားသည်မှာ ခန်းမှန်း ဧကပေါင်း ၅သောင်းဝန်းကျင် ခန်းမှန်းကြောင်း၊ ထိုအထဲမှ တစ်ချို့တစ်ဝက်က လယ်မြေများမှာ စိုက်ပျိုးပြီး လယ်မြေများဖြစ်ကြောင်း ကျောက်တော်မြို့နယ် ပြောင်းဆိပ်ရွာမှ လယ်သမားတစ်ဦးဖြစ်သူ ဦးအောင်ကျော်မြက ပြောသည်။

“စပါးစိုက်ပြီးသား လယ်တွေကို ဆယ်ရက်ဝန်းကျင်လောက် ရေမြုပ်တဲ့အခါ စပါးတွေက တချို့တစ်ဝက် စပါးပင်တွေ သေကြတာရှိပါတယ်။ အဲလိုနစ်မြုပ်သွားတဲ့ နောက်ပိုင်းမှာ စပါးတွေက ပေါ်လာတဲ့ အချိန်မှာ တချို့တွေက မဲလို့ပေါ်ပြီးသေးသွားသလို တချို့တွေက ပေါ်လာပြီးနောက်ပိုင်းမှာ မိုးဖိရွာပေးရင် ရွှံ့နွံတွေစင်ပြီး ပြန်ပြီး ရှင်နိုင်သေးတယ်။ အခုဟာက ရေကျလားပြီးနောက်ပိုင်းမှာ နေကတအားပူတော့ အပူနဲ့ နွမ်းနေတဲ့ စပါးတွေက ထပ်နွမ်းပြီး ရေပူမှာ ပြုတ်ထားသလိုမျိုးဖြစ်ပြီး သေသွားကြတယ်။ အဓိက ကျနော်တို့ လယ်သမားတွေမှာ ခက်တာက အရံမျိုးစပါးထားတာ အလွန်နည်းပါတယ်။ အရံမျိုးစပါးရှိတဲ့ လူတွေက ပြန်စိုက်ပျိုးလို့ အချိန်မီပါသေးတယ်။ အရံ မျိုးစပါး မရှိတဲ့လူတွေအတွက်က အလွန်တရာအခက်အခဲဖြစ်ပါတယ်” ဟု ဦးအောင်ကျော်မြက ပြောသည်။

လယ်သမားများ၏ မျိုးစေ့ချ စိုက်ပျိုးထားသည့်ပျိုးပင်များ မိုးကြီးရေလျှံမှုကြောင်း ရေနစ်၊ နွံနစ်ပြီး ပျက်စီးဆုံးရှုံးသွားခဲ့သည်ဟု သတင်းရရှိသဖြင့် လယ်သမားများ မျိုးစပါးအခက်အခဲဖြစ်ပေါ်နေ၍  မည်သို့ ဆောက်ရွက်မည်ကို သိရှိနိုင်ရန် စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန သို့ ဆက်သွယ်ခဲ့ရာ ဆက်သွယ်မှုမရှိခဲ့ပါ။

ဆက်စပ် သတင်းများ