ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

AA နှင့်ပတ်သက်မှု သံသယဖြင့် ဖမ်းဆီးစစ်ဆေးခံနေရသူ ၅၆ ဦးကို စစ်တွေတွင် ရုံးထုတ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၉ ဇူလိုင် ၂၀၁၉
  • | ကြည့်ရှုသူ: 8.1k

ဆောင်းဇာခြည်
နိရဥ္စရာ၊ ဇူလိူင် ၁၉∕ ၂ဝ၁၉

ရခိုင်ပြည်နယ်အတွင်းမှ ရက္ခိုင့်တပ်တော်(AA)နှင့် ဆက်နွယ်ပတ်သက်မှု သံသယဖြင့် ဖမ်းဆီးစစ်ဆေးခံနေရသူ ၅၆ ဦးကို စစ်တွေမြို့နယ်တရားရုံးတွင် ဇူလိူင် ၁၈ရက်နေ့က ရုံးထုတ်ခဲ့ကြောင်း သိရသည်။
 
ရုံးထုတ်သူ  ၅၆ ဦးမှာ မြောက်ဦးမြို့နယ် လက္ကာကျေးရွာမှ ၂၃ ဦး၊ အောက်သားကန်ကျေးရွာမှ ၅ ဦး၊ ချောင်းနား ဘုရားကြီးကျေးရွာ၊ ချောင်းသစ်ကျေးရွာနှင့် ကျောင်းတောင်ကျေးရွာ မှ ၁၃ ဦး ၊ ကျောက်တော်မြို့နယ် ရွှေပြည်ကျေးရွာမှ ၁ ဦးနှင့် မင်းသားတောင်ကျေးရွာမှ ၄ ဦး၊ မင်းပြားမြို့နယ်မှ ၃ ဦး၊ ပုဏ္ဏားကျွန်းမြို့နယ်မှ ၁ ဦး၊ ပုဏ္ဏားကျွန်းမြို့နယ်နှင့် မြောက်ဦးမြို့တို့မှ လူဝတ်လဲခံထားရသည့် သံဃာတော်နှစ်ပါး၊ ပေါက်တောမြို့မှ ၁ ဦး၊ ရသေ့တောင်မြို့နယ် ၁ ဦး၊ စစ်တွေမြို့ ဆတ်ရိုးကျရပ်ကွက်မှ ၂  ဦးတို့ဖြစ်ကြောင်း သိရသည်။
 
“အမှုကတော့ စစ်ကိုမစစ်ရသေးပါဘူး။ စွဲချက်လည်း မတင်သေးဘူးလေ။ မြောက်ဦးခရိုင်တရားရုံးမှာ တရားစွဲတယ်။  တရားခံတွေက များတော့ မြောက်ဦးမှာ နေရာထိုင်ခင်းအဆင်မပြေဘူး။ အဲဒါကြောင့် စစ်တွေခရိုင်တရားရုံးကို ရုံးပြောင်းလျှောက်ထားတယ်။ ကျွန်မတို့ လျှောက်တာတော့ မဟုတ်ဘူးပေါ့နော်။ ဥပဒေက လျှောက်တာပါ။ ရုံးပြောင်းကျထားပြီဆိုတဲ့ အမိန့်မကျသေးတဲ့အတွက် အဲအမှုကို ရုံးချိန်းပေးနေတာပါ”ဟု လက္ကာရွာသားအမှုကို လိုက်ပါဆောင်ရွက်ပေးနေသည့် သဇင်ဥပဒေဆိုင်ရာ ထောက်ပ့ံကူညီရေးအဖွဲ့မှ ရှေ့နေဒေါ်မေသက်ခိုင်က ပြောသည်။
 
အဆိုပါလက္ကာကျေးရွာမှ  ဖမ်းဆီးစစ်ဆေးခံနေရသူ  ၂၄ ဦးရှိသော်လည်း အသက်မပြည့်သေးသော လူငယ်တစ်ဦးအား မြောက်ဦးမြို့နယ်တရားရုံး၌ ရုံးထုတ်သဖြင့် လက္ကာရွာမှ ၂၄ ဦးတွင် ၂၃ ဦးကို စစ်တွေမြို့နယ် တရားရုံးတွင် ယမန်နေ့က ရုံးထုတ်ခဲ့သည်။

၎င်းလူငယ်အား မြောက်ဦးမြို့နယ် တရားရုံးတွင် ဇူလိုင်လ ၄ ရက်နေ့တွင် ရုံးထုတ်စစ်ဆေးခဲ့ပြီး ဇူလိုင် ၂၂ ရက်နေ့တွင် မြောက်ဦးမြို့နယ်တရားရုံး၌ ထပ်မံရုံးချိန်းလိုက်ကြောင်းလည်း သိရသည်။
 
စစ်တွေမြို့ ဆတ်ရိုးကျရပ်ကွက်မှ သံသယဖြင့် ဖမ်းဆီးခံထားရသူတစ်ဦး၏ မိခင်က “ကျွန်မ သားလေးနဲ့ နောက်ကောင်လေးတစ်ယောက်  ကျန်ခဲ့ပါတယ်။ ကျွန်မသားလေးက သူ့ကို ရိုက်တယ်လု့ိ  ပြောပါတယ်။ အခုထိ စွဲချက်လည်းမတင်သေးဘူး။ ရမန်ယူနေဆဲပါပဲ”ဟု  ပြောသည်။
 
စစ်တွေမြို့ ဆတ်ရိုးကျချောင်းဝတွင် တပ်မတော်တွဲဆွဲရေယာဉ်တစ်စီးကို ရက္ခိုင့်တပ်တော်(AA)က ပစ်ခတ်တိုက်ခိုက်ပြီးနောက် ဇွန်လ ၂၂ ရက်နေ့တွင် သံသယဖြင့် ဖမ်းဆီးခံခဲ့ရသော ဆတ်ရိုးကျရပ်ကွက်မှ ဒေသခံ ၇ ဦးတွင်  ၅ ဦးမှာ ဇူလိုင်လ ၁၈ ရက်နေ့က့ လွတ်မြောက်လာခဲ့ပြီး ကျန် ၂ ဦးကို ဇူလိုင်လ ၂၂ ရက်တွင် စစ်တွေမြို့နယ် တရားရုံး၌ ထပ်မံရုံးချိန်းလိုက်ကြောင်းလည်း သိရသည်။
 
ရခိုင်ပြည်နယ်အတွင်း ၂ဝ၁၈ ခုနှစ်မှစ၍ ရက္ခိုင့်တပ်တော် AAနှင့် ဆက်စပ်သံသယဖြင့် ဖမ်းဆီးထားသူ ၁ဝဝ ကျော်ရှိနေပြီဖြစ်ကြောင်း သိရသည်။

ဆက်စပ် သတင်းများ