ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

မာန်အောင်သို့သွားမည့် ကုန်တင်ရေယာဉ်တစ်စီး တောင်ကုတ်ဆိပ်ကမ်းတွင်နစ်မြုပ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၀ ဇူလိုင် ၂၀၁၉
  • | ကြည့်ရှုသူ: 5.5k

ခိုင်လင်း
နိရဥ္စရာ၊ ဇူလိုင် ၃ဝ/ ၂ဝ၁၉

တောင်ကုတ်မြို့မှ မာန်အောင်မြို့သို့ ထွက်ခွာရန် သင်္ဘောဆိပ်အနီး ကမ်းကပ်ထားစဉ် သစ္စာဦး အမည်ရှိ ကုန်တင်မော်တော်ရေယာဉ်သည် ယနေ့ နံနက် ၆ နာရီက နစ်မြုပ်သွားခဲ့ကြောင်း သတင်းရရှိသည်။

သစ္စာဦးရေယာဉ်သည် ရေဝင်နစ်မြုပ်သွားသဖြင့် ရေယာဉ်ပေါ်ရှိ  ကုန်အများအပြား ဆုံးရှုံးဖွယ်ရှိကြောင်း၊ အရေအတွက် ပမာဏအား အတိကျမသိရသေးကြောင်း  မာန်အောင်မြို့နယ်ကုန်သည်ကြီးများ အသင်းအတွင်းရေးမှူး ဦးကျော်မိုးနိုင်က ပြောသည်။

“ဟုတ်ပါတယ်။ မာန်အောင်ကိုထွက်ဖို့လုပ်နေတာမှာ ရေဝင်ပြီးမြုပ်သွားတာပါ။ တောင်ကုတ်နဲ့  လိုင်းဆွဲနေတဲ့ မော်တော်။ ဆိပ်ကမ်းမှာ နံနက် ၆ နာရီလောက်က မြုပ်သွားတာ။ မာန်အောင်က ကုန်တွေ အများကြီးပါတယ်” ဟု အတွင်းရေးမှူး ပြောသည်။

အဆိုပါနစ်မြုပ်မှုဖြစ်စဉ်၌ ရေယာဉ်ပေါ်တွင် ကုန်ပစ္စည်း အထုပ်အရေအတွက်ပေါင်း ၄ဝဝမှ ၅ဝဝ ခန့်လောက်တင်ဆောင်ထားပြီး ဘိလပ်မြေ၊ သံဖြူ၊ သံ၊ စားသောက်ကုန်များနှင့် အခြား အိမ်သုံးပရိဘောဂများ ပါဝင်သည်ဟု ဦးကျော်မိုးနိုင်က ထပ်လောင်းပြောကြားသည်။

“ အားလုံးအစုံပါပဲ ဘိလပ်မြေ၊ သံ၊ သံဖြူ၊ စားကုန်၊ ပန်းကန်၊ ကုန်စုံပစ္စည်း အထုပ်အရေအတွက် လေးရာ ငါးရာလောက်ပါသွားတယ်။ လူတွေထိခိုက်တာတော့မရှိဘူး။ ဘယ်လောက်ပျက်စီး သွားတယ်ဆိုတာအတိအကျတော့မသိသေးဘူး။ အခုတော့ ဆယ်တုန်းပဲရှိသေးတယ်။ ” ဟု ဦးကျော်မိုးနိုင်က ပြောသည်။

ထိုနစ်မြုပ်သွားသော မော်တော်ကုန်တင် ရေယာဉ်ပေါ်ရှိကုန်ပစ္စည်း ဆုံးရှုံးမှုမည်မျှရှိသည်ကို မသိရသေး ကြောင်း၊ စာရင်းများအတိအကျ မဖော်ပြနိုင်သေးကြောင်းနှင့် ဆယ်ယူ နေဆဲ ဖြစ်ကြောင်း သိရသည်။

(ဓာတ်ပုံ- တောင်ကုတ်ဆိပ်ကမ်း)

ဆက်စပ် သတင်းများ