သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

စင်္ကာပူက ပြန်ပို့ခံရသူများကို ရဲတပ်ဖွဲ့မှ ရမန်ထပ်ယူ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၀ သြဂုတ် ၂၀၁၉
  • | ကြည့်ရှုသူ: 4.9k

ခိုင်လူလှ (ရိုးမမြေ)

နိရဥ္စရာ၊ သြဂုတ် ၁ဝ/ ၂ဝ၁၉

စင်္ကာပူမှ ပြန်ပို့ခံရပြီး ဖမ်းဆီးခံထားရသူ ၈ ဦးကို သြဂုတ် ၉ ရက်နေ့က ရန်ကုန် အနောက်ပိုင်း ခရိုင်တရားရုံးတွင် ရုံးထုတ်ခဲ့ပြီး ရမန် ထပ်ယူခဲ့ကာ သြဂုတ် ၂၃ ရက်နေ့ကို ထပ်မံ ရုံးချိန်းပေးခဲ့သည်ဟု သတင်းရရှိသည်။

စုစုပေါင်း ရုံးထုတ်သူမှာ ၈ ဦးရှိပြီး နံနက် ၁၁ နာရီကျော်တွင် ရုံးထုတ်လာခဲ့ပြီး စုစုပေါင်း ၅ မိနစ်ခန့်သာ ကြာမြှင့်သည်ဟု မိသားစုဝင် တစ်ဦးက ပြောသည်။

“ သူတို့ရဲ့ မိဘတွေ အမည်နဲ့ ကိုက်ညီမှု ရှိမရှိ စစ်ဆေးတယ်။ ထွက်ပြေးနေတဲ့ နှစ်ယောက်ကို ပုဒ်မ ၅၁၂ နဲ့ ဖမ်းဝရမ်းထုတ်တယ်။ သူတို့ကို ၂၃ ရက်နေ့မှာ တရားရုံကို တင်ဖို့ပြောတယ်။ ရုံးထုတ်ခဲ့တဲ့ ၈ ဦး အမှုကိုတော့ သြဂုတ် ၂၃ ရက်နေ့မှာ စစစ်ဆေးမယ်။ အဲဒီနေ့မှာ ရှေ့နေ တွေကို ပါဝါတင်မယ်။ ဒီလောက်ဘဲ အကြမ်းဖျင်းပြောလို့ရပါမယ်” ဟု ပြောဆိုသည်။

ယမန်နေ့က ရုံးထုတ်လာသူ  ၈ဦးမှာ  ရက္ခိုင့်တပ်မတော်စစ်ဦးစီးချုပ်၏ ညီဖြစ်သူ ကိုအောင်မြတ်ကျော် အပါအဝင် ကိုထွန်းအေး၊ ကိုဟိန်းဇော်၊ ကိုရဲကျော်ထက်၊ မအေးမြတ်မွန်၊ ကိုတင်လိူင်ဦး၊ ကိုရွှေလိူင်သန်းနှင့် ကိုမြတ်လင်းဦးတို့ ဖြစ်ကြသည်။

သူတို့မှာ ရခိုင်လူမှုရေးအသင်း (Arakan Association- Singapore) အဖွဲ့ဝင်များ ဖြစ်ကြပြီး ဥက္ကဋ္ဌဖြစ်သူ ကိုဟိန်းဇော်အပါအဝင် ၆ဦးကို ဇူလိုင်လ ၉ရက်နေ့တွင် စင်္ကာပူအစိုးရက ဖမ်းဆီးပြီး  မြန်မာ နိုင်ငံကိုပြန်ပို့ခဲ့သည်။ ၎င်းနောက် သူတို့အပြင် တစ်ခြား ၄ဦးကိုပါ ရက္ခိုင့်တပ်တော် (AA) ကိုငွေထောက်ပံ့သည်ဟု စွပ်စွဲပြီး  အကြမ်းဖမ်းဥပဒေနှင့် အမှုဖွင့်ခံနေကြရသူများဖြစ်သည်။

သူတို့ ၈ ဦးအား ဇူလိုင် ၂၆ ရက်နေ့က ရန်ကုန် အနောက်ပိုင်း ခရိုင်တရားရုံးတွင် ပထမဆုံး အကြိမ် ရုံးထုတ်ခဲ့ပြီး သြဂုတ် ၉ ရက်  ရဲတပ်ဖွဲ့က ဒုတိယ အကြိမ် ရမန်ထပ်ယူခဲ့ခြင်း ဖြစ်သည်။

ဖမ်းဆီးခံထားရသူ ကိုတင်လိူင်ဦး ဖခင်က “ ကျွန်တော်ကို ပြောတာက နှိပ်စက်တာတော့ မရှိဘူး။ စစ်ဆေးမေးမြန်းတာတော့ ရှိတယ်။ အစားအသောက်လည်းတွေလည်း ကောင်းကောင်းမွန်မွန် ကျွေးတယ်လို့ ပြောပါတယ်။ နေရထိုင်ရတာလည်း သိပ်အခက်အခဲမရှိဘူးလို့ သိရပါတယ်” ဟု ပြောဆိုသည်။

ယမန်နေ့က သူတို့အား ရုံးထုတ်ရာတွင် မိသားစုများထက် လုံခြုံရေး ယူသည့် ရဲတပ်ဖွဲ့ဝင် များက များနေပြီး ဒုတိယရဲမှူးကြီးအဆင့်ရှိသူ ၂ဦး၊ ရဲမှူး အဆင့်ရှိသူ အနည်းဆုံးနှစ်ဦးအပြင် ရဲတပ်ဖွဲ့ဝင်များက  တရားခွင် အတွင်း အပြင်တွင်သာမက တရားရုံး ပရဝုဏ်အတွင်းနှင့် အပြင် နေရာအနှံ့အပြားတွင် နေရာယူထားခဲ့သည်ဟု မျက်မြင်များက ပြောကြားသည်။

တရားရုံးမှ ပြန်ထွက်လာပြီး အချုပ်ကားပေါ်သို့ ရောက်လာကြစဉ် ကိုတင်လိူင်ဦးမှာ Arakan Association (Singapore) မှာ ရခိုင်လူမှုအသင်းသာ ဖြစ်ပြီး AA ( Arakan Army) မဟုတ်ကြောင်း သတင်းထောက်များသို့ ပြောဆိုသွားခဲ့သည်။

ဖမ်းဆီးခံထားရသူများထဲမှ ကိုအောင်မြတ်ကျော်အပါအဝင် ခြောက်ဦးအတွက် ဥပဒေအရအကျိုးဆောင်ပေးမည့် ရှေ့နေမှာ ဦးသန်းကြည်ဖြစ်ကြောင်း သတင်းရရှိသည်။ 

(ဓာတ်ပုံ- ဘီဘီစီ/ HKS)

ဆက်စပ် သတင်းများ