သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

ရန်ကုန်ရွှေပြည်သာမှ ရခိုင်လူမှုအဖွဲ့အစည်းတစ်ခုကို စရဖ မေးမြန်း


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၃ သြဂုတ် ၂၀၁၉
  • | ကြည့်ရှုသူ: 10.1k

ခိုင်လူလှ (ရိုးမမြေ)

နိရဥ္စရာ၊ သြဂုတ် ၁၃/ ၂ဝ၁၉

ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာ အခြေစိုက် ရခိုင်လူမှု အဖွဲ့အစည်း တစ်ခုကို စရဖ တပ်ဖွဲ့ တာဝန်ရှိသူ တစ်ဦးမှ ဆက်သွယ်ပြီး အဖွဲ့အစည်းဆိုင်ရာ အချက်အလက်များကို မေးမြန်းသွားကြောင်း သတင်းရရှ်ိသည်။

မေးမြန်းခံရသည့် အဖွဲ့အစည်းမှာ ရွှေပြည်သာ လှော်ကား အခြေစိုက် “ရခိုင်လူငယ်စာရိတ္တ မြင့်မားရေးအင်အားစု အသင်း”  ဖြစ်ကြောင်း သိရသည်။

၎င်းအဖွဲ့၏ ဥက္ကဋ္ဌ ဖြစ်သူ ကိုစံထွန်းနိုင်က “ ကျွန်တော်ဆီကို စရဖ တာဝန်ရှိသူ တစ်ဦးက ဒီနေ့ မနက်က ဖုန်းဆက်ပါတယ်။ အဓိက အဖွဲ့အစည်းရဲ့ ရည်ရွယ်ချက်ကို မေးပါတယ်။ ဒီရည်ရွယ်ချက် ကိုဘဲ သုံးကြိမ်လောက်မေးပါတယ်။ အဓိက ရည်ရွယ်ချက်က မူးယစ်ဆေးဝါးဆန့်ကျင်ရေး၊  ရခိုင်မျိုးဆက်သစ်လူငယ်တွေ အကျင့်စာရိတ္တ ကောင်းကောင်းမွန်မွန်နဲ့ လူတော်  လူမွန်ဖြစ်ဖို့ ရည်ရွယ်ချက်တွေနဲ့ ဖွဲ့ထားတယ်လို့ ပြန်ပြောလိုက်ပါတယ်” ဟု နိရဥ္စရာ သတင်းဌာနသို့ ပြောကြားသည်။

၎င်းပြင် ၎င်းစရဖ တာဝန်ရှိသူက အဖွဲ့အစည်းကို လူဘယ်လောက်နဲ့ စတင်ဖွဲ့စည်းခဲ့သလဲ၊ အင်အား၊ တည်နေရာများကို မေးမြန်းသည်ဟု ၎င်းက ပြောသည်။

“ ကျွန်တော်ကတော့ ပထမဆုံး တာဝန်ခံ ၁၁ ဦးနဲ့ ဖွဲ့စည်းတယ်။ အသင်းအင်အားက ၂ဝဝ ကျော်ရှိတယ်။ ကျွန်တော်တို့ ရွှေပြည်သာ လှော်ကားမှာ အခြေစိုက်တယ်လို့ ပြောပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ အဖွဲ့ လုပ်ငန်းတွေ ရပ်နေတာကတော့ တစ်နှစ်ကျော်ရှိပြီလို့ ပြောလိုက်ပါတယ်။ ဦးဆောင်သူတွေ အလုပ်မအား၊ အချိန်မပေးနိုင်တာနဲ့ ကျွန်တော်တို့ ပရဟိတလုပ်တာကို ယာယီရပ်နားထားတာလို့ ပြောပြလိုက်ပါတယ်” ဟု ပြောကြားသည်။

ရွှေပြည်သာမြို့နယ်တွင် ရှိသည့် လူမှု အသင်းအဖွဲ့များ၏ စာရင်းကို ကောက်ယူနေသဖြင့် မေးမြန်းရခြင်း ဖြစ်ကြောင်း  ၎င်းစရဖ တာဝန်ရှိသူက ရှင်းပြပြောဆိုသွားခဲ့သည်ဟု ဆိုသည်။

ယခုမေးမြန်းမှု အပေါ် သံသယရှိကြောင်း၊အကြံအစည်တစ်ခုဖြင့် မေးမြန်းသည်ဟု သုံးသပ်မိကြောင်း  ၎င်းက ပြောကြားသည်။ 

ဆက်စပ် သတင်းများ