သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

စစ်တွေမြို့ လမ်းဘေးခွေးလေခွေးလွင့်များရှင်းလင်းရေး သြဂုတ်လတွင်အပြီးသတ် ဆောင်ရွက်မည်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၀ သြဂုတ် ၂၀၁၉
  • | ကြည့်ရှုသူ: 4.1k

ချစ်အိလှိုင်
နိရဥ္စရာ၊ ၂ဝ/၂ဝ၁၉

ရခိုင်ပြည်နယ် စစ်တွေမြို့တွင်းရှိ လမ်းဘေးခွေးလေခွေးလွင့်များအား ဇွန် ၃ဝ ရက်နေ့မှ စတင် ရှင်းလင်းနေပြီ  သြဂုတ်လအကုန်တွင် အပြီးသတ် ရှင်းလင်းသွားမည် ဖြစ်ကြောင်း သတင်း ရရှိသည်။

လမ်းဘေးခွေးလေခွေးလွင့်များအား ရှင်းလင်းရေးနှင့် ပတ်သက်ပြီး လွန်ခဲ့သည့် စနေနေ့က မြို့နယ် စည်ပင်မှ အသံချဲ့စက်ဖြင့် မြို့ကို ပတ်ပြီး ကျေညာရာတွင် ညဉ့် ၉ နာရီ အချိန်မှ စပြီး ခွေးလေခွေးလွင့်များကို အဆိပ်ချပြီး သုတ်သင်ရှင်းလင်းနေကြောင်း၊ သို့အတွက် ခွေးမွေးသော ပိုင်ရှင်များ အနေဖြင့် မိမိ၏ခွေးများကို အိမ်ထဲတွင် သေချာထိန်းသိမ်းထားကြရန် လိုအပ်ကြောင်း ကျေညာသွားခဲ့သည်။

သို့သော်လည်း ခွေးလေခွေးလွင့်များကို  သုတ်သင်ရှင်းလင်းရေးလုပ်ဆောင်ရာတွင် အဆိပ်ချဆေး မလုံလောက်သည့်အတွက်ကြောင့် ကြန့်ကြာမှုများ ရှိနေသည်ဟု  မြို့နယ် စည်ပင်ပြောက ပြောသည်။

" ကျောင်းတက်ချိန်ကလေးတွေနဲ့ လမ်းသွားလမ်းလာ ပြည်သူတွေတွက် အန္တရာယ်တွေ ရှိလာတယ်။ အထူးသဖြင့်ခွေးတွေ မိတ်လိုက်ရာသီ ဖြစ်တဲ့အတွက် သုတ်သင်ရေးတွေ လုပ်ဆောင်တာပါ။ လမ်းဘေးခွေးသုတ်သင်ဖို့ အတွက်ဆေးတွေကို မြို့တော်စည်ပင်ကတဆင့် ကျွန်တော်တို့ ကို မှာယူပေးတာပါ။ ငွေကြေးအခက်ခဲကြောင့် ဆေးရရှိဖို့ခက်ခဲတာမဟုတ်ဘဲ ဆေးတွေကအိန္ဒိယ နိုင်ငံကတဆင့် မှာယူရတာဆိုတော့ ခက်ခဲမူတော့ရှိတယ်။ ပြီးတော့ ရှိတဲ့ ဆေးတွေ နဲ့သုတ်သင်တုန်းကလည်း မိုးရွာတော့ အလုပ်မဖြစ်ဘူး။ ဒါပေမဲ့ ဒီလကုန်ထိ နောက်ဆုံး ထားပြီး သုတ်သင်သွားဖို့ရှိရှိပါမယ်" ဟု မြို့နယ်စည်ပင်သာယာရေး အမူဆောင်အရာရှိ ဦးကျော်မိုးက နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

အဆိုပါ လမ်းဘေးခွေးများအား သုတ်သင်ရှင်းလင်းရာတွင် လိုအပ်သည့်ဆေးများအား နိုင်ငံတော် အဆင့် မြို့တော်စည်ပင်သာယာရေးအဖွဲ့မှ တဆင့် မှာယူရာတွင် ဆေးများ လုံလောက်စွာ ရရှိခြင်း မရှိသည့်အပြင် မိုးအဆက်မပြတ်ရွာသွန်းမူကြောင့် သုတ်သင်ရေး လုပ်ငန်းများ၌ ခက်ခဲနေကြောင်း မြို့နယ်စည်ပင်သာယာရေး အမူဆောင်အရာရှိ ဦးကျော်မိုးက နိရဥ္စရာအား ဆက်လက်ပြောသည်။

စစ်တွေ မြို့ခံ တစ်ဦးဖြစ်သူ ကိုနိုင်သူက "ခွေးတွေကို သုတ်သင်တာက ဗုဒ္ဓဘာသာဝင် တစ်ယောက်အနေနဲ့ ဆိုရင် မလုပ်စေချင်ပေမဲ့ ခွေးရူးပြန်ရောဂါတွေနဲ့ လူတွေသေကြတာတွေ၊ ကျောင်းသွားကျောင်းပြန် ကလေးတွေ တွက် အန္တရာယ်ရှိတာတွေကြောင့် သုတ်သင်ကြရတာလို့ ထင်ပါတယ်။ ဒါပေမဲ့ နိုင်ငံခြားတွေမှာလို ခွေးလေ /ခွေးလွင့် ထိမ်းသိမ်းရေးတွေ လုပ်နိုင်ရင် သတ်စရာ မလိုတော့ဘူးလို့ထင်တယ်။ ဒီမှာက ထိန်းသိမ်းရေး ဂေဟာမရှိတော့ ဒီနည်းလမ်း ထက်အပြင် ကောင်းတဲ့ နည်းလမ်း မရှိတဲ့ အတွက် မလုပ်ချင်သော်လည်း လုပ်နေကြရတယ်လို့ မြင်ပါတယ်။ ဒါပေမယ့် သတိနဲ့တော့ လုပ်စေချင်ပါတယ်" ဟု ပြောသည်။

စစ်တွေမြို့တွင် ရှိသည့် လမ်းဘေးခွေးလေခွေးလွင့် အရေတွက်ကို ခန့်မှန်း၍ မရရှိကြောင်း စည်ပင်က ပြောသော်လည်း ရပ်ကွက်တချို့ရှိ စာသင်ကျောင်းအနီးရှိလမ်းများ၊ ဘုန်းကြီးကျောင်းများအနီးနှင့် လူနေထူထပ်သော နေရာတချို့တွင် တွေ့နေရသည်ဟု သိရသည်။
 

ဆက်စပ် သတင်းများ