ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

ကျောက်တော်မြို့နယ်တွင် လူငယ် ၁ ဦး ရေနစ်သေဆုံးပြီး ၁ ဦးပျောက်ဆုံးနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၉ သြဂုတ် ၂၀၁၉
  • | ကြည့်ရှုသူ: 5.2k

ဆောင်းဇာခြည်
နိရဥ္စရာ၊ သြဂုတ် ၂၈/ ၂ဝ၁၉

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ပုဏ္ဏားကျေးရွာမှ လူငယ် ၁ ဦးမှာ ရေနစ်သေဆုံးသွားပြီး နောက်ထပ် ၁ ဦးမှာ ပျောက်ဆုံးနေကြောင်း သတင်းရရှိသည်။

သြဂုတ်လ ၂၇ ရက်နေ့ ညနေ ၅ နာရီခန့်က ကျောက်တော်မြို့နယ် ပီကောက်ချောင်းထဲသို့ ပုဏ္ဏားကျေးရွာမှ လူငယ် ၆ ဦး ငါးရှာဆင်းစဉ်  ရေအနက်ထဲသို့ ကျသွားသောကြောင့် အဆိုပါ လူငယ် ၆ ဦးအနက် ၁ ဦးသေဆုံးပြီး ၁ ဦးမှာ ယနေ့အချိန်အထိ ပျောက်နေသေးကြောင်း သိရသည်။

သေဆုံးသွားသူမှာ ပုဏ္ဏားကျေးရွာမှ ဦးဝင်းမသန်းနှင့် ဒေါ်အညွှန့်ချေတို့၏ သား မောင်ဦးမောင်ဆန်း (၁၅) နှစ် ဖြစ်ပြီး ပျောက်ဆုံးနေသူမှာ ဦးမောင်သိန်းထွန်းနှင့် ဒေါ်အတုတ်ချေတို့၏ သား မောင်ဦးအေးလိူင် (၁၉) နှစ် ဖြစ်ကြောင်း သိရသည်။

“သူတို့က အဖွဲ့လိုက်နေကြပါတယ်။ ၆ ယောက်တစ်ဖွဲ့ နွားကျောင်းဖို့ သွားကြတာ။ အဲဒီမှာ နွားကျောင်းရင်း ငါးရှာပြီး ကင်စားဖို့ဆိုပြီး ချောင်းထဲဆင်းပြီး ရေငုတ်တယ်လို့ ပြောပါတယ်။ ရေအနက်ထဲကို ရောက်သွားတော့ အခုလို ဖြစ်တာပါ”ဟု သေဆုံးသူ မောင်ဦးမောင်ဆန်း၏ မိသားစုဝင်တစ်ဦးဖြစ်သည့် ဦးထွန်းသာလှက နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

အဆိုပါသေဆုံးသူ မောင်ဦးမောင်ဆန်း၏ အလောင်းအား ယနေ့ သြဂုတ်လ ၂၈ ရက်နေ့ နံနက် ၈ နာရီခန့်က င/တပေါင်းကျေးရွာ အနီး ကုလားတန်မြစ်ကမ်းစပ်တွင် ငါးဖမ်းပိုက်တစ်ခုအတွင်းမှ ရရှိခဲ့ကြောင်း သိရသည်။

“ ၄ ယောက်ကတော့ ဘာမှမဖြစ်လိုက်ပါဘူး။ အဲဒီ ၄ ယောက်လာပြောလို့ ကျွန်တော့်တူလေးနဲ့ ပျောက်သွားတဲ့ တစ်ယောက်ကို  ရေနစ်ကျန်ခဲ့တယ်ဆိုတာ  သိရတာပါ။ သူတို့ ၄ ယောက်ကလည်း ရေအနက်ထဲရောက်သွားတဲ့ သူတွေကို ဆွဲငင်လို့မရခဲ့ဘူးလို့ပြောပါတယ်။”ဟု ဦးထွန်းသာလှက  ဆက်ပြောသည်။

သေဆုံးသူအား ပုဏ္ဏားကျေးရွာ သင်္ချိုင်းတွင် ယနေ့ နေ့လယ်  ၂ နာရီခွဲအချိန်ခန့်တွင် သဂြိုလ်ခဲ့ကြောင်း သိရသည်။
ပျောက်ဆုံးနေသူ မောင်ဦးအေးလိူင်အား မိသားစုဝင်များနှင့် ကျေးရွာသားများက လက်ရှိအချိန်ထိ ဝိုင်းဝန်းရှာဖွေနေကြောင်းလည်း သိရသည်။

ဆက်စပ် သတင်းများ