သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

သေဒဏ်ချမှတ်ခံထားရသူဝင်းနှင့်ဇော်တို့၏ အသက်ကိုချမ်းသာပေးရန် မြန်မာနှင့်ထိုင်းအစိုးရထံ မိသားစုဝင်များမေတ္တာရပ်ခံ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၀ သြဂုတ် ၂၀၁၉
  • | ကြည့်ရှုသူ: 1.1k

မာန်ယုကျော် (ရွှေဝမြေ)
စစ်တွေ၊ သြဂုတ် ၃ဝ/၂ဝ၁၉

ထိုင်းနိုင်ငံတွင် သေဒဏ်ချမှတ်ခံထားရသည့် ကိုဇော်လင်းနှင့် ကိုဝင်းဇော်ထွန်းတို့အသက်ကို ချမ်းသာပေးရန် မိသားစုဝင်များက မြန်မာနှင့်ထိုင်းအစိုးရထံ မေတ္တာရပ်ခံတောင်းဆိုလိုက်သည်။

ကိုဇော်လင်းနှင့် ကိုဝင်းဇော်ထွန်းတို့သည် ပြစ်မှုကျူးလွန်သူများမဟုတ်သည့်အတွက် ပြစ်ဒဏ်အား ပြန်လည်စိစစ်သုံးသပ်ကာ သူတို့နှစ်ဦး၏အသက်အားချမ်းသာပေးရန် နိရဥ္စရာသတင်းဌာနမှတဆင့် ယခုကဲ့သို့ တောင်းဆိုလိုက်ခြင်းဖြစ်သည်။

"ထိုင်းနိုင်ငံအစိုးရတွေ၊ မြန်မာနိုင်ငံအစိုးရတွေကို အဒေါ်တို့ကတောင်းဆိုတယ်။ အားပေးကူညီမှုတွေလုပ်ကြ။ အဒေါ်တို့ရဲ့ သားတွေကို အသက်တစ်ချောင်းကိုချမ်းသာပေးကြလို့ တောင်းဆိုပါတယ်။ အဲဒီကလေးတွေ လူသတ်တာမဟုတ်ဘူး"ဟု သေဒဏ်ချမှတ်ခံထားရသူတစ်ဦးဖြစ်သည့် ကိုဇော်လင်း၏မိခင် ဒေါ်ဖြူရွှေနုက နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

သေဒဏ်ချမှတ်ခံထားရသူ ကိုဇော်လင်းမှာ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် မီးကျောင်းရေသောက်ကျေးရွာမှဖြစ်ပြီး ကိုဝင်းဇော်ထွန်းမှာ ကျောက်ဖြူမြို့နယ် ကာပီချောင်းကျေးရွာမှဖြစ်သည်။

သူတို့နှစ်ဦးသည် ထိုင်းနိုင်ငံတောင်ပိုင်း ခိုတောင်ကျွန်း(ခေါ်) လိပ်ကျွန်းတွင် ၂ဝ၁၄ ခုနှစ်၊ စက်တင်ဘာလက ဗြိတိန်နိုင်ငံသား စုံတွဲ နှစ်ဦး အသတ်ခံရမှုနှင့်ပတ်သက်ပြီး အဓမ္မပြုကျင့်မှု၊ ပစ္စည်းလုယူမှု အပါအဝင် အမှု ၇ မှုဖြင့် ထိုင်းနိုင်ငံတောင်ပိုင်း ကော့စမွီမြို့နယ်တရားရုံးက ၂ဝ၁၅ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် သေဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်။

ယင်းနောက် သူတို့နှစ်ဦး၏ နောက်ဆုံးအယူခံအား ပြီးခဲ့သည့် ၂ဝ၁၈ ခုနှစ်မတ်လအတွင်းကတင်ခဲ့ရာ သြဂုတ်လ ၂၉ ရက်နေ့(ယမန်နေ့)က ထိုင်းနိုင်ငံ၏အမြင့်ဆုံးတရားရုံးဖြစ်သည့် နွန်ထပူရီခရိုင်တရားရုံးတွင် ပယ်ချခံလိုက်ရသည်ဟု သိရသည်။

"အန်ကယ်တို့ကတော့ အမှန်တရားရရှိဆိုပြီးတော့ ဆုံးဖြတ်ပြီးတော့ အယူခံတက်ခဲ့တာပါ။ ဒါပေမယ့် အခုလို အမိန့်ချတဲ့အခါကျတော့ အန်ကယ်ကတော့ ဥပဒေနဲ့လုပ်လို့မရတဲ့အခါမှာတော့ ဘုရင့်ထံ အသနားခံဖို့ တစ်ခုပဲလုပ်မှာပါ။"ဟု ကိုဇော်လင်းနှင့် ကိုဝင်းဇော်ထွန်း တို့အမှုအား လိုက်ပါဆောင်ရွက်ပေးနေသည့်ရှေ့နေ ဦးအောင်မျိုးသန့်က ပြောသည်။

ထိုင်းဘုရင်ထံ အသနားခံတင်ပြရာတွင်လည်း သေဒဏ်ချမှတ် ခံထားရသူများ၏ကိုယ်စား မြန်မာနိုင်ငံအစိုးရက တင်ပြပေးလျှင် ပိုမိုထိရောက်သည်ဟု အမှုအား အစအဆုံးလိုက်ပါဆောင်ရွက်ပေးနေသည့် ထိုင်းရှေ့နေများကောင်စီက ပြောဆိုထားသည်။

သေဒဏ်ချမှတ်ခံထားရသူနှစ်ဦး၏ပြစ်ဒဏ်အား ထိုင်းအစိုးရအပါအဝင် ထိုင်းဘုရင်အနေဖြင့် လျှော့ပေါ့စဉ်းစားသုံးသပ်ပေးရန်လည်း ရခိုင်ပြည် သူလူထုက ၂ဝ၁၇ ခုနှစ်တွင် ဆန္ဒထုတ်ဖော်တောင်းဆိုထားကြသည်။

ဆက်စပ် သတင်းများ