စနေ၊ ဧပြီလ ၂၀ရက်၊ ၂၀၂၄

စစ်တွေမြို့မစျေးကြီး ခေါင်မိုးပြိုကျ၍ အမျိုးသမီးတစ်ဦး ဒဏ်ရာရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၄ စက်တင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 1.4k

နီမင်းထွန်း
နိရဥ္စရာ ၊ စက်တင်ဘာ ၄/၂ဝ၁၉

ရခိုင်ပြည်နယ် စစ်တွေမြို့ မြို့မစျေးကြီးတွင် ခေါင်မိုးပြိုကျသွားသည့်အတွက် အမျိုးသမီးတစ်ဦး ဒဏ်ရာရ၍ ဆေးရုံတင်ထားရသည်ဟု သတင်းရရှိသည်။

ဒဏ်ရာရသူမှာ စစ်တြွေမို့မစျေးကြီးတွင်  ငါးရောင်းနေသော စျေးသည် ဒေါ်ချိုချို (၃၅ နှစ်) ဖြစ်ပြီး  စက်တင်ဘာလ ၃ ရက်နေ့ နံနက် ၁ဝ နာရီ ခွဲခန့်က စျေးရောင်းနေချိန်တွင် ငါးရောင်းသည့်အဆောင် ခေါင်မိုးပြိုကျလာ၍ ဒဏ်ရာရခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ကျမစျေးရောင်းနေတဲ့အချိန် ခေါင်မိုးပြိုကျလာတယ်။ ကံကောင်းလို့မသေတာ။ ကျမသတိမေ့သွားတယ်။ စျေးကလူတွေက ဆေးရုံပို့ပေးတာ။”ဟု ဒဏ်ရာရသွားသူ ဒေါ်ချိုချိုက နိရဥ္စရာသတင်းဌာနကို ပြောသည်။

ယခုကဲ့သို့ စျေးခေါင်မိုးပြိုကျသွားသည့်အတွက် ဒေါ်ချိုချို၏ဝမ်းဗိုက်တွင် ဒဏ်ရာရသွားပြီး အဆိုပါဒဏ်ရာကြောင့် ယနေ့အထိ ထမင်းမစားနိုင်သေးဘဲ စက်တင်ဘာ ၅ ရက်နေ့တွင် ဝမ်းဗိုက်အား ဓာတ်မှန် ရိုက်ရန် ပြင်ဆင်နေကြောင်းလည်း သိရသည်။
အဆိုပါစျေးခေါင်မိုး ပြိုမကျခင် ၁ဝ ရက်အလိုကလည်း စျေးခေါင်မိုးအား ပြုပြင်ပေးရန် မြို့မစျေးအား ကြီးကြပ်ပေးနေသည့် စည်ပင်ဝန်ထမ်းများကို တင်ပြခဲ့သော်လည်း လာရောက်ပြင်ဆင်ပေးမှုမရှိခဲ့ဟု ဆိုသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး စစ်တွေမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင် အရာရှိ ဦးကျော်မိုးက “စျေးကလည်း ဟောင်းနေပြီ။ စျေးက ပင်လယ်နဲ့လည်းနီးတော့ လေဒဏ်၊ မိုးဒဏ် အမျိုးမျိုးခံရတော့ ခေါင်မိုးကပြိုကျလာတာဖြစ်တယ်။ ကျနော်တို့ဆီကိုတော့ တင်ပြတာတွေမရှိဘူး။ သူတို့ ဘယ်သူ့ဆီကို တင်ပြလဲတော့ ကျနော်တို့လည်း မသိဘူး။ သူတို့က ကျနော့်တို့ဆီကို တင်ပြလာရင်တော့ ကျနော်တို့ အချိန်မီလုပ်ပေးပါတယ်။”ဟု နိရဥ္စရာသတင်းဌာနအား ပြောသည်။

စစ်တွေမြို့မစျေးကြီးကို ၁၉၅၆ ခုနှစ်တွင်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး စျေးသက်တမ်းမှာနှစ်ပေါင်း ၆ဝ ကျော်ကြာမြင့်နေပြီဖြစ်သည်။  လက်ရှိအချိန်တွင် အဆိုပါစျေးမှာ ဟောင်းနွမ်းပျက်စီးလာနေပြီး စျေးအင်္ဂါရပ်နှင့်မညီသည့်အတွက် စျေးကို ပိုမိုခိုင်မာအောင်တည်ဆောက်ပေးစေလိုသည်ဟု စျေးသည်များက တောင်းဆိုနေကြသည်

ဆက်စပ် သတင်းများ