ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

မောင်တော ကျောက်ပန္ဒူပင်ကမ်းခြေတွင် ပုတ်ပွသေဆုံးနေသည့် ကျွဲနွားကောင်ရေ ၅ဝခန့်နှင့်အတူ ဘုတ်တစ်စီးတွေ့ရှိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၄ စက်တင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 2.9k

သိန်းဇော်(မောင်တော)
စစ်တွေ၊ စက်တင်ဘာ ၄/၂ဝ၁၉

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း ကျောက်ပန္ဒူပင်ကမ်းခြေတွင် ပုတ်ပွသေဆုံးနေသည့် ကျွဲနွားကောင်ရေ ၅ဝ ခန့်ကို ဘုတ်တစ်စီးနှင့် တွေ့ရှိရကြောင်း သတင်းရရှိသည်။

ယနေ့ စက်တင်ဘာလ ၄ ရက် နေ့ နံနက် ၈ နာရီခန့်က ကျောက်ပန္ဒူကမ်းခြေတွင် ဘုတ်တစ်စီးဖြင့် ကျွဲသေ၊ နွားသေများ ခန့်မှန်းကောင်ရေ ၅ဝ ကျော်အား တွေ့ရှိခဲ့ရပြီး ဒေသခံကျေးရွာသားများနှင့် အာဏာပိုင်များက သွားရောက်မီးရှို့လိုက်ရကြောင်း ၎င်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်ဘုက နိရဥ္စရာသတင်းဌာနသို့ပြောသည်။

“အကောင် ၅ဝလောက်ရှိပါတယ်။ လောက်ကျပြီးပုတ်နေပြီ။ ကျနော်တို့ ရွာနားမှာကပ်နေတော့ အနံ့ထွက်ရင် ကျေးရွာသားတွေ အန္တာရာယ်ဖြစ်မှာစိုးရိမ်ရပါတယ်။ ကျွဲတွေ နွားတွေတင်ထားတဲ့ ဘုတ်က ကျနော်တို့ ကမ်းခြေက ဘုတ်တွေထက် ကြီးတယ်။ အဲ့ဒီဘုတ်က ဘယ်ကလာတဲ့ဘုတ်လဲ မသိဘူး” ဟုဦးမောင်ဘုက ပြောသည်။

ဘုတ်ပေါ်တွင်ထိုသို့ ပုတ်ပွနေသည့် ကျွဲသေ နွားသေများအား ထိုနေရာတွင်ထားရှိလျှင် ဒေသခံများအတွက် အန္တာရာယ်ဖြစ်မည်ကို စိုးရိမ်ပြီး မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဒေသအာဏာပိုင်များအား အသိပေးပြီး ကျေးရွာသားများနှင့် သွားရောက်မီးရှို့ခဲ့ရကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောသည်။

ဘုတ်ပေါ်တွင် သေလျှက် ပုတ်ပွနေသည့် အဆိုပါ ကျွဲနွားများမှာ ပြည်တွင်းက ဟု ယူဆရကြောင်း၊ မည်သည့်ဘက်မှ မျောပါလာသည်ကို မသိရကြောင်း၊ ပင်လယ်ထဲတွင်မျောနေသည်မှာ ၄ ရက် ၅ရက်ခန့် ကြာနေပြီဟု ယူဆရကြောင်း ဒေသခံများက ပြောသည်။

ယခုနှစ် မေလ ၂၈ ရက်နေ့ကလည်း ကျောက်ဖြူမြို့ မလကျွန်းကျေးရွာအနီး ပင်လယ်ကမ်းခြေတွင် သောင်တင်နေသည့် စက်လှေတစ်စီးပေါ်တွင် နွားကောင်ရေ ၅ဝ ကျော်ကို ပုတ်ပွသေဆုံးနေလျှက်တွေ့ရှိခဲ့ကြောင်း သိရသည်။

ဆက်စပ် သတင်းများ