သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

ကျောင်းဆရာနေဇော်လင်းအားစွဲထားသော ပုဒ်မ၂ခုအထဲမှ အကြမ်းဖက်ပုဒ်မကို ပယ်ဖျက်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၄ စက်တင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 1.3k

ချစ်အိလှိုင်
နိရဥ္စရာ၊ စက်တင်ဘာ ၄/၂ဝ၁၉

ဘူးသီးတောင်မြို့နယ်မှ အကြမ်းဖက်မှုပုဒ်မ ၅ဝ (က)၊ ထိန်ချန်မှုပုဒ်မ ၅၂ (က) တို့ဖြင့် ဖမ်းဆီးတရားစွဲဆိုခံရနေကြရသည့် ကျောင်းဆရာ နှစ်ဦး အနက် ကျောင်းဆရာ နေဇော်လင်းအား စွဲဆိုထားသည့် အမှုနှစ်ခုထဲမှ အကြမ်းဖက်မှုပုဒ်မ ၅ဝ (က) အားပယ်ဖျက်ပေးလိုက်သည်ဟု  သတင်းရရှိသည်။

ယမန်နေ့နံနက် ၁၁ နာရီ တွင် ဘူးသီးတောင်မြို့နယ် တရားရုံးတွင် ကျောင်းဆရာ ဦးနေဇော်လင်း (၂၉ နှစ်)အား ရုံးထုတ်ခဲ့ပြီး အကြမ်းဖက်မှု ပုဒ်မ ၅ဝ (က)ကို ပယ်ဖျက်ပေးလိုက်သည်ဟု  မိသားစုဝင်များက ပြောသည်။

ကျောင်းဆရာ ကိုနေဇော်လင်း၏ ဖခင်ဖြစ်သူ ဦးကျော်သန်းက “ကျနော်တို့က  ဘာမှနားမလည်ပါဘူး။ အမူတစ်ခုလျှော့လိုက်တယ်လို့ ပြောပါတယ်။ အခု ၅၂(က)ဆိုတဲ့ပုဒ်မ တစ်ခုတည်းကျန်ပြီး နယ်ခြားစောင့် တပ်ဖွဲ့က အမူဖွင့်ထားတယ်လို့ပြောပါတယ်။ စက်တင်ဘာ ၁၇  ရက်နေ့မှာ ထပ်ချိန်းတယ်။ ကျနော့်သားမှာ ဘာအပြစ်မှ မရှိတဲ့ အတွက် အမြန် လွှတ်ပေးစေချင်ပါတယ်” ဟုပြောသည်။

ကျောင်းဆရာ ကိုနေဇော်လင်းမှာ ရသေ့တောင်မြို့နယ် မညင်းတောင် ကျေးရွာဇာတိ ဖြစ်ပြီး ဘူးသီးတောင် မြို့နယ် ပြင်ချောင်းကျေးရွာ မူလွန်ကျောင်းတွင် တာဝန်ထမ်းဆောင်နေစဉ် သြဂုတ်လ ၅ ရက် နေ့တွင် တပ်မတော်စစ်ကြောင်းတစ်ခု၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။

ဦးနေဇော်လင်းအဖမ်းခံရပြီးနောက် မူလွန်ကျောင်းဆရာ ဦးနိုင်အောင်ထွန်း (၃ဝ)နှစ်သည်လည်း ဘူးသီးတောင်မြို့နယ် ကျောက်ရန်ကျေးရွာ မူလွန်ကျောင်း၌ တာဝန်ထမ်းဆောင်နေစဉ် ကျေးရွာသား ၄ ဦးနှင့်အတူ သြဂုတ်လ ၈ ရက်နေ့တွင် တပ်မတော် စစ်ကြောင်း တစ်ခု၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။ 

ကျေးရွာသားများကို နောက်ပို်င်းတွင် ပြန်လည်လွတ်ပေးခဲ့သည်။

ဆရာဦးနိုင်အောင်ထွန်းအား ဆက်လက် ဖမ်းဆီးထားပြီး ယနေ့ စက်တင်ဘာ ၄ ရက် နေ့လယ် ၁၂ နာရီခွဲတွင် ဘူးသီးတောင်မြို့နယ် တရားရုံးတွင် ရမန်ယူခဲ့ကြောင်း သိရသည်။

ဘူးသီးတောင်မြို့နယ် ပညာရေးမှူး ဦးသန်းဖေက “ဆရာနိုင်အောင်ထွန်း ကို ဒီနေ့ ရုံးချိန်းဆိုပြီး ရမန်ပဲယူတာလို့သိရတယ်။ ပညာရေးဌာနကိုတော့ သူတို့အမှုတွေနဲ့ တရားဝင် ပြောဆိုတာမျိုးတော့ မရှိပါဘူး ”ဟု ပြောသည်။

ဆရာဦးနိုင်အောင်ထွန်းအား စက်တင်ဘာ ၁၈ ရက်နေ့တွင် ထပ်မံ ရုံးချိန်းထားကြောင်း မိသားစုများက ပြောသည်။

ရခိုင်ပြည်နယ်တွင်ဖြစ်ပွားနေသည့်တိုက်ပွဲများကြောင့် အရပ်သား ပြည်သူများသံသယဖြင့် ဖမ်းဆီးစစ်ဆေးခံနေရသည်မှာ လူပေါင်း ၂ဝဝ နီးပါးရှိနေပြီး ယင်းအထဲတွင် ယခု ကျောင်းဆရာနှစ်ဦးလည်း အပါအဝင် ဖြစ်ကြောင်း သိရသည်။

ဆက်စပ် သတင်းများ