ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

နီပေါရဟတ်ယာဉ် စစ်တွေလေယာဉ်ကွင်းမှ ပျံတက်ပြီးမှ ရာသီဥတုဆိုရွားမှုကြောင့် ပြန်ဆင်းသက်ခဲ့ရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၆ စက်တင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 8.5k

ချစ်အိလှိုင်
နိရဥ္စရာ၊ စက်တင်ဘာ ၆/၂ဝ၁၉

ဘင်္ဂလာဒေ့ရှ်နိုင်ငံ၊ စစ်တကောင်းမြို့မှ အင်ဒိုနီးရှားနိုင်ငံ သစ်တော မီးလောင်မှုကို ငြိမ်းသတ်ရာတွင် ပါဝင် ကူညီရန် အတွက် ပျံသန်းလာသည့် နီပေါနိုင်ငံပိုင် ရဟတ်ယာဉ်သည် စစ်တွေမြို့ လေဆိပ်မှ ပျံသန်းထွက်ခွာပြီးမှ ရာသီဥတု ဆိုးဝါးမှုကြောင့် စစ်တွေမြို့ လေဆိပ်သို့ ပြန်လည် ဆင်းသက်ခဲ့ရသည်ဟု သတင်းရရှိသည်။

ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့ ရဲမှူးကြီးကြည်လင်းက “ရဟတ်ယာဉ်က ဘူးသီးတောင်မြို့နယ်မှာ ရာသီဥတု မကောင်းလို့ ဆင်းသက် ခဲ့ရတာပါ။ အဲဒီကနေ့ စစ်တွေ လေဆိပ်ကို ရောက်လာတယ်။ နေ့လယ်က စစ်တွေလေဆိပ်က တက်သွားတယ်။ ဒါပေမဲ့ ရာသီဥတု မကောင်းလို့ပြန်ဆင်း လာတယ်။ ဒီမှာ ပြန်အိပ် မယ်ဗျ။ ဒီက ဟိုတယ် တစ်ခုမှာ အိပ်ပါမယ်။ ကျနော်တို့ က သူတို့ ရဟတ်ယာဉ်ကို ဆီတွေ ထည့်ပေးပြီး လိုအပ်တာတွေ ကူညီ ထားတယ်” ဟု နိရဥ္စရာသတင်းဌာန သို့ ပြောသည်။

အဆိုပါ ရဟတ်ယာဉ်မှာ အရပ်သားများမောင်းနှင်လာသော ရဟတ်ယာဉ်ဖြစ်ကြောင်း၊ ရဟတ်ယာဉ်ပေါ်တွင်  မည်သူမည်ဝါ ပါကြောင်းကို လုံခြုံရေး အရပြောဆိုနိုင်ခြင်းမရှိကြောင်း  ရဲမှူးကြီးကြည်လင်းက ပြောသည်။

၎င်းရဟတ်ယာဉ်သည် တိုက်ပွဲများ မကြာခဏ ဖြစ်နေသည့် ဘူးသီးတောင်မြို့နယ် စည်တောင်ရွာနှင့် ရေကောင်းချောင်း အကြား ကျေးရွာအနီး စားကျက်မြေ ပေါ်တွင် ရာသီဥတု ဆိုးရွားမှုကြောင့် ယနေ့ နံနက် ၁၁ နာရီခန့်က တစ်နာရီကျော် ဆင်းသက် ရပ်နားခဲ့ရပြီး စစ်တွေမြို့သို့ ဆက်လက် ထွက်ခွာ လာခဲ့သည့် ရဟတ်ယာဉ်ဖြစ်ကြောင်း သိရသည်။

၎င်းရဟတ်ယာဉ် ဘင်္ဂလာဒေ့ရှ်နိုင်ငံ စစ်တကောင်း လေဆိပ်မှ အင်ဒိုနီးရှားနိုင်ငံ သစ်တော မီးလောင်မှုသို့ သွားရောက် ကူညီရန် ထွက်ခွာလာသည့် လေယာဉ်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ရဟတ်ယာဉ်မှာ အင်ဒိုနီးရှားနိုင်ငံ သစ်တော မီးလောင်မှုသို့ သွားရောက် ကူညီမည့် နီပေါနိုင်ငံမှ Mi-8 -MTV-1အမျိုးအစား (Registration No/ Call Sgn: 9N-AHT) Helicopter ၁ စီးဖြစ်ကာ ပျံသန်းစဉ် ရာသီဥတု ဆိုးရွာမှုကြောင့် ယခုကဲ့သို့ အရေးပေါ် ဆင်းသက် ရခြင်းဖြစ်ပြီး Bangladesh- Yangon - Thailand ခရီးစဉ်များ ပျံသန်းရန်အတွက် မြန်မာနိုင်ငံ အပေါ်မှ ဖြတ်ကျော် ပျံသန်းခွင့်နှင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ဆင်းသက် ရပ်နားခွင့် တို့ကိုလည်း အင်ဒိုနီးရှားနိုင်ငံ သံရုံးမှတစ်ဆင့် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ၊ နိုင်ငံခြားရေး ဝန်ကြီးဌာနနှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဌာနများသို့ တရားဝင်ဖြတ်ကျော် ပျံသန်းဆင်းသက် ရပ်နားခွင့် တင်ပြတောင်းခံထားသည့် ရဟတ်ယာဉ် ၁ စီးဖြစ်ကြောင်း တပ်မတော်ကသတင်းထုတ်ပြန်သည်။

၄င်းရဟတ်ယာဉ်တွင် စစ်တွေတွင် တစ်ညရပ်နားပြီး  စက်တင်ဘာ ၇ ရက်နေ့တွင်  ပြန်လည်ထွက်ခွာနိုင်ရန် စီစဉ်ထားကြောင်း ရဲမှူးကြီးက ပြောကြားသည်။

(Photo by Myawady)

ဆက်စပ် သတင်းများ