ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

ဆရာတော်ဦးဥတ္တမနေ့ အထိမ်းအမှတ် ပထမဆုံးအကြိမ် စစ်တွေမြို့မစျေးကြီးပိတ်မည်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၈ စက်တင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 5.7k

မာန်ယုကျော် (ရွှေဝမြေ)
စစ်တွေ၊ စက်တင်ဘာ ၈/၂ဝ၁၉

ရခိုင့်အာဇာနည် ဆရာတော်ဦးဥတ္တမနေ့အထိမ်းအမှတ်အဖြစ် စစ်တွေမြို့မစျေးကြီးကို စက်တင်ဘာလ ၉ ရက်တွင် ပထမဆုံး အကြိမ်အဖြစ် ပိတ်သွားမည်ဟု စျေးကော်မတီမှ သိရသည်။

စက်တင်ဘာ ၉ ရက်နေ့တွင်ကျရောက်မည့် ဆရာတော် ဦးဥတ္တမ နေ့တွင် စစ်တွေမြို့မစျေးကြီးအား ပိတ်နိုင်ရန် စျေးကော်မတီ အနေဖြင့် စျေးဆိုင်သည်များ၏ ဆန္ဒသဘောထားကို ရယူကာ စျေးအရာရှိထံ တင်ပြခဲ့ပြီဖြစ်ကြောင်း သိရသည်။

"စျေးအရာရှိကတော့ စည်ပင်ဝန်ကြီးကို တင်ပြရဦးမယ်လို့ ပြောတယ်။ ဒါက သူတို့ ရုံးလမ်းကြောင်းအတိုင်း သွားရမယ့် အပိုင်း။ ကျနော်တို့ဘက်ကတော့ အဲဒီနေ့ ပိတ်သွားမှာပါ။"ဟု စျေးကော်မတီအတွင်းရေးမှူး ဦးစိုးနိုင်က နိရဥ္စရာကို ပြောသည်။

ဆရာတော်ဦးဥတ္တမနေ့တွင် စစ်တွေမြို့မစျေးကြီးကိုပိတ်နိုင်ရန် ယခင်နှစ်များက အကြိမ်ကြိမ်ကြိုးစားခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ပိတ်နိုင်ခြင်းမရှိခဲ့ဟုဆိုသည်။

ယခုနှစ်မှစတင်ကာ ပထမအကြိမ်အဖြစ်ပိတ်မည်ဖြစ်ပြီး နောင်နှစ်များတွင်လည်း ဆက်လက်ပိတ်နိုင်ရန် စျေးကော်မတီက ဆုံးဖြတ်ထားကြသည်ဟုလည်း သိရသည်။

"ဆရာတော်ဦးဥတ္တမနေ့၊ ဘာပဲဖြစ်ဖြစ် ကို်ယ်တို့အတွက်၊ ရခိုင်တွေအတွက်ပေါ့။ အများကြီး အမှတ်တရဖြစ်စေတဲ့ ပုဂ္ဂိုလ်တစ်ပါးလည်းဖြစ်တယ်။ ကျနော်တို့တင်မက ပြည်ပ မှာတောင်မှ အသိအမှတ်ပြုထားတဲ့ ပုဂ္ဂိုလ်တစ်ပါးလည်း ဖြစ်တယ်။ အဲဒါကို ပိုပြီးတော့ လူထုကြားထဲကို ပိုပြီး မြတ်မြတ်နိုးနို းဖြစ်စေချင်တဲ့ ဆန္ဒနဲ့ အခုလိုပိတ်ဖို့ ဆုံးဖြတ်ရတာပါ"ဟု စျေးကော်မတီအတွင်းရေးမှူး ဦးစိုးနိုင်က ဆိုသည်။

ဆရာတော်ဦးဥတ္တမနေ့ကို အစိုးရရုံးပိတ်ရက်အဖြစ် တရားဝင် အသိအမှတ်ပြုပေးရန် ရခိုင်လူထုက ဆန္ဒပြ၍လည်း တောင်းဆိုမှုများ ရှိသလို လွှတ်တော်များမှလည်း တောင်းဆို ထားကြသည်။ သို့သော် ထိုတောင်းဆိုမှုကို အစိုးရက လိုက်လျောပေးခြင်း မရှိသေးပေ။

ဆရာတော်ဦးဥတ္တမကို ၁၈၇၉ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့က စစ်တွေတွင် မွေးဖွားခဲ့ခြင်းဖြစ်ပြီး ဆရာတော်သည် အင်္ဂလိပ် ဘုရင်ခံကိုတောင် မြန်မာပြည်မှထွက်သွားဟု နှင်ထုတ်ရဲခဲ့သည့် ပုဂ္ဂိုလ်ဖြစ်သည်။

မြန်မာပြည်လွတ်လပ်ရေးရရှိရန် နိုင်ငံရေးတရားများဟောပြောပြီး ထောင်အကြိမ်ကြိမ်ကျခံကာ မြန်မာပြည်သူတို့၏ လွတ်လပ်ရေး မျက်စိကို ဖွင့်ပေးခဲ့သည့် ဆရာတော်တစ်ပါးလည်းဖြစ်သည်။

ဆရာတော်သည် ၁၉၃၉ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်နေ့တွင် ပျံလွန်ခဲ့ပြီး ဆရာတော်ပျံလွန်သည့်နေ့ကို ဦးဥတ္တမနေ့အဖြစ် ရခိုင်လူထုက အသိအမှတ်ပြုထားကြသည်။

ဆက်စပ် သတင်းများ