သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

နှစ်(၈ဝ) ပြည့် ဆရာတော် ဦးဥတ္တမနေ့ အခမ်းအနား ရခိုင်မြို့နယ်အများအပြားတွင်ကျင်းပ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၉ စက်တင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 3k

နီမင်းထွန်း
နိရဥ္စရာ ၊ စက်တင်ဘာ ၉ /၂ဝ၁၉

ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်အများအပြားတွင် နှစ် (၈ဝ) ပြည့် မြန်မာလွတ်လပ်ရေး မီးရှူးတန်ဆောင် ဆရာတော် ဦးဥတ္တမနေ့ အခမ်းအနားကို ကျင်းပခဲ့ကြကြောင်း သိရသည်။

စစ်တွေမြို့အပါအဝင် အမ်း၊ တောင်ကုတ်၊ ကျောက်တော်၊ မောင်တော၊ ပေါက်တော၊ မြောက်ဦး၊ မင်းပြား၊ ကျောက်ဖြူ၊ ပုဏ္ဏားကျွန်း၊ စသည့် မြို့နယ်များတွင်သာမက ရန်ကုန်မြို့ ရခိုင်ဓမ္မာရုံတွင်လည်း ကျင်းပပြုလုပ်ခဲ့ကြသည်။

ယနေ့ တွင်ကျရောက်သည့် စက်တင်ဘာလ ၉ ရက်နေ့သည် နှစ် (၈ဝ) ပြည့် ဆရာတော် အသျှင် ဦးဥတ္တမနေ့ ဖြစ်သည်။

စစ်တွေမြို့မှ ပွဲစီစဉ်သူ ဆရာမ ပန်းချီရှင်လှက “ဆရာတော်ရဲ့ကျေးဇူးတရားကိုလည်း သိအပ်တယ်။ ကျေးဇူးတရား ဆိုတာ မမေ့ကောင်းဘူး။ လမ်းပြကောင်းတဲ့ ပုဂ္ဂိုလ်ကို မျိုးဆက်သစ်တွေဆီမှာ အသိပညာတွေ သွင်းပေးချင်လို့လုပ်တာပါ"ဟု နိရဥ္စရာသတင်းဌာနကို ပြောသည်။

အဆိုပါအခမ်းအနားကို စစ်တွေမြို့တွင် ခန်းခန်းနားနား ကျင်းပနိုင်ခဲ့ပြီး ရဟန်းတော်အဖွဲ့များ၊ နိုင်ငံရေးပါတီများ၊ လူမှုအဖွဲ့အစည်းများ၊ ရခိုင်တိုင်းရင်းသားမျိုးနွယ်စုများ၊  ကျောင်းသား လူငယ်များ၊ အစိုးရဝန်ထမ်းများ၊ လူထု လူတန်းပေါင်းစုံ အလွှာအသီးသီးမှ ဆရာတော်ကို လေးစားကြည်ညိုကြသူများမှ လွမ်းသူ့ပန်းခွေများချကာ တက်ရောက် ဂါရဝ ပြုခဲ့ကြသည်။

စစ်တွေအပါအဝင် မြို့အချို့တွင် အခမ်းအနားများဖြင့် ကျင်းပ နိုင်သော်လည်း အခြားမြို့များတွင် ဒေသအခြေ အနေကြောင့် ခမ်းခမ်းနားနားကျင်းပနိုင်ခြင်းမရှိဘဲ ဘုန်းတော်ကြီး ကျောင်းများတွင် ဆွမ်းကျွေးအလှူလုပ်ခြင်းဖြင့်သာ ပြုလုပ် နိုင်ခဲ့ကြောင်းလည်း ဒေသခံများက ပြောသည်။

“ကျနော်တို့ ဆရာတော် နှစ် ၈ဝ ပြည့်  ဦးဥတ္တနေ့အခမ်းအနားကို ကျောက်တော်မြို့ ဦးဥတ္တပန်းခြံမှာ မနက် ၈နာရီကနေ ၁ဝနာရီအထိလုပ်တယ်။ ရည်ရွယ်ချက်ကတော့ ဆရာတော် အရှင်ဥတ္တမရဲ့သမာဓိဂုဏ် ၊ ပညာဂုဏ် ၊ သီလဂုဏ်တွေကို လေးစားအားကျတဲ့အနေနဲ့လုပ်တာပါ။ နောက်ပြီး ဆရာတော် ဥတ္တမရဲ့ စိတ်ဓာတ်ကို လေးစားအားကျစေဖို့ လုပ်တာပါ”ဟု ကျောက်တော်မြို့မှ စာရေးဆရာ ကိုမောင်သိန်း(ရှစ်လေးလုံး)က ပြောသည်။

ဆရာတော်ဦးဥတ္တမကို ၁၈၇၉ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့က စစ်တွေတွင် မွေးဖွားခဲ့ခြင်းဖြစ်ပြီး ဆရာတော်သည် နယ်ချဲ့ ဗြိတိသျှတို့အား မော်မကြည့်ဝံ့သသည့် အချိန်တွင် အင်္ဂလိပ်ဘုရင်ခံကို မြန်မာပြည်မှထွက်သွားဟု နှင်ထုတ်ခဲ့သည့် ပုဂ္ဂိုလ်ဖြစ်သည်။

မြန်မာပြည်လွတ်လပ်ရေးရရှိရန် နိုင်ငံရေးတရားများဟောပြောပြီး ထောင်အကြိမ်ကြိမ်ကျခံကာ မြန်မာပြည်သူတို့၏ လွတ်လပ်ရေး မျက်စိကို ဖွင့်ပေးခဲ့သည့် ဆရာတော်တစ်ပါးလည်းဖြစ်သည်။

ဆရာတော်သည် ၁၉၃၉ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်နေ့တွင်ပျံလွန်တော်မူခဲ့ပြီး ဆရာတော်ပျံလွန်သည့် စက်တင်ဘာ ၉ ရက်နေ့ကို ဦးဥတ္တမနေ့အဖြစ် ရခိုင်လူထုက အသိအမှတ်ပြုထားကြသည်။

ဆရာတော် ဦးဥတ္တမနေ့အား ရခိုင်ပြည်နယ်အတွင်း အစိုးရ ရုံးပိတ်ရက် အဖြစ်သတ်မှတ်ရန် တောင်းဆိုထားကြသည်။ 

ဆက်စပ် သတင်းများ