သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

ဝန်ကြီးချုပ်ဦးညီပုလာရောက်မည့် စက်တင်ဘာ ၂၁ ရက်နေ့တွင် ကျောက်တော်မဟာမုနိဘုရားဝင်းထဲ မိုင်းထောင်ထားသည့်သတင်းမဟုတ်မှန်ကြောင်း ရခိုင်ပြည်နယ်အစိုးရငြင်းဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၃ စက်တင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 4.6k

သိန်းဇော်(မောင်တော)
နိရဥ္စရာ၊ စက်တင်ဘာ ၂၃/ ၂ဝ၁၉

ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဦးညီပု လာရောက်မည့် စက်တင်ဘာလ ၂၁ ရက်နေ့တွင် ကျောက်တော်မြို့နယ် မဟာမုနိ ဘုရားဝင်းထဲ မိုင်းထောင် နှစ်လုံးထောင်ထားသည်ဟု မြန်မာ့သတင်းမီဒီယာအချို့နှင့် ဆိုရှယ်မီဒီယာများတွင် ဓာတ်ပုံများနှင့်တစ်ကွ ရေးသားဖော်ပြနေသောသတင်းမှာ မဟုတ်မှန်ကြောင်း ရခိုင်ပြည်နယ် အစိုးရက ပြောကြားသည်။

ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ပြောခွင့်ရသူ စည်ပင်ဝန်ကြီး ဦးဝင်းမြင့်အား နိရဥ္စရာ သတင်းဌာနမှ မေးမြန်းရာ ၎င်းသတင်းနှင့် ပတ်သက်ပြီး မဟုတ်မှန်ကြောင်း၊ ပြည်နယ်ဝန်ကြီးချုပ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယဗဟိုကော်မတီ၏ တတိယအကြိမ်မြောက်ပုံမှန်အစည်းအဝေးကို တက်ရောက်ရန် ၎င်းနေ့က ရန်ကုန်မြို့သို့ရောက်ရှိနေကြောင်း ပြောကြားသည်။

ရခိုင်ပြည်နယ် အစိုးရအဖွဲ့ စည်ပင်ဝန်ကြီး ဦးဝင်းမြင့် က “ အဲ့ဒါဘယ်သူပြောတာလဲ။ ဘာမှမဟုတ်ဘူး။ သွားဖို့လည်း အစီအစဉ်မရှိဘူး။ ဝန်ကြီးချုပ်က ရန်ကုန်မှာ အစည်းအဝေးတက်လို့ ဘာမှမဟုတ်ဘူး” ဟု ပြောသည်။

၎င်းပြင် မဟာမုနိ ဂေါပက ဥက္ကဋ္ဌ ဦးညိုသာလှသို့ ဆက်သွယ်မေးမြန်းရာ မဟာမုနိဘုရား ပရဝုဏ်ထဲတွင် တပ်ရင်း ၅၃၉ မှ ရဲဘော်များ၊ ရဲတပ်ဖွဲ့ဝင်များနှင့် စစ်ထောက်လှမ်းရေးမှလည်း ရှိကြောင်း၊ ၎င်းသတင်းမှာ လုံးဝ မဟုတ်မှန်ကြောင်း ပြောကြားသည်။ 

“ ကျနော်ပြောပါမယ်။ ကျနော်တို့မှာ ဒီဘုရားမှာ တပ်ကလည်းနေပါတယ် ၅၃၉ တပ်ရင်းက။ နောက်ပြီးတော့ ရဲကလည်းရှိတယ်။ ကျနော်တို့မှာ တပ်ကြပ်တစ်ယောက်ရှိပါတယ်။  ဦးဇော်နိုင်ဆိုတဲ့ တစ်ယောက်။ အဲဒီနေ့မှာ  ဦးညီပု ဝန်ကြီးချုပ်လည်း ဘုရားဖူးဖို့ ရောက်ဖို့ အစီအစဉ်မရှိဘူး။ ကျနော်တို့ ဂေါပ အဖွဲ့အနေနဲ့လည်း ဘာတစ်ခုလည်းမရပါ။ တခုလည်းမရှိပါ။ တပ်မမှူးကလည်း မေးပါတယ်တဲ့။ facebook မှာ ဒီလို သတင်း တက်နေတယ်။ အဲ့ဒါသေချာလားမေးတော့ တပ်ကတာရှိသူတွေကလည်း မဟုတ်ဘူး အဘလို့ ကျနော့်ရှေ့က ဖြေကြပါတယ်။ ကျနော်တို့ဘက်ကလူတွေကလည်း အဲသလို သတင်းတက်နေတယ်လို့ ပြောနေကြတယ်။ အဲ့ဒါကြောင့်မို့လို့ အခုဘုရားဖူးတဲ့  လူတွေလည်း မရောက်တော့ဘူး”ဟု ဂေါပက ဥက္ကဋ္ဌ ဦးညိုသာလှက ပြောသည်။

အဆိုပါ စက်တင်ဘာ ၂၁ ရက်နေ့မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယဗဟိုကော်မတီ တတိယအကြိမ်မြောက် ပုံမှန်အစည်းအဝေးကို စတင်ကျင်းပသောနေ့ဖြစ်ပြီး  ဝန်ကြီးချုပ် ဦးညီပုမှာ အဆိုပါနေ့ မတိုင်မီကတည်းက  ရန်ကုန်မြို့သို့ ရောက်ရှိနေသည်ဟု သိရသည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏  အစည်းအဝေးကို စက်တင်ဘာ ၂၁ နှင့် ၂၂ ရက်နေ့တို့တွင်  နှစ်ရက်ကြာ ကျင်းပြုလုပ်ခဲ့ပြီး ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏နိုင်ငံရေးအစီရင်ခံစာတင်သွင်းခြင်း၊ ဗဟိုလုပ်ငန်းကော်မတီများ၏ အစီရင်ခံစာများ၊ ပြည်နယ်/တိုင်းဒေသကြီးကိုယ်စားပြုဗဟိုကော်မတီဝင်များ နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများမှ တင်သွင်းသည့် စာတမ်းများဖတ်ကြားခဲ့သည်ဟု သိရသည်။

မြန်မာသတင်းမီဒီယာကြီး တစ်ခုမှ စက်တင်ဘာ ၂၁ ရက် နံနက် ၉ နာရီ တွင် ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် မဟာမုနိ ဘုရားဝင်းအနီးရှိ စစ်ဘေးရှောင်မိသားစုများကို ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက တွေ့ဆုံကာ စားသောက်ဖွယ်ရာများ၊ စားနပ်ရိက္ခာများထောက်ပံ့ရန် လာရောက်မည်ဖြစ်ရာ ဝန်ကြီးချုပ် ယာဉ်တန်းအလာကို စောင့်ဆိုင်းနေစဉ် တာဝန်သိပြည်သူများ၏ သတင်းပေးချက်အရ မိုင်းနှစ်လုံးကို ရှာဖွေတွေ့ရှိခြင်း ဖြစ်ကြောင်း၊ ဘုရားရင်ပြင်တော် အလှူခံပုံးထဲမှ မိုင်းတစ်လုံး၊ ဘုရားဝင်းအတွင်း ညောင်ပင်အမြစ်ကြားတွင် မိုင်းတစ်လုံးတွေ့ရှိပြီး ဖောက်ခွဲရန် အသက်သွင်းပြီး အနေအထားဖြင့် မိုင်းနှစ်လုံးကို ရှာဖွေတွေ့ရှိခဲ့ကြောင်း၊ လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် နယ်မြေခံ တပ်မတော်စစ်ကြောင်းက အဆိုပါ မိုင်းနှစ်လုံးကို သက်မဲ့ပြုလုပ်ဖယ်ရှားခဲ့ရကြောင်း ဖော်ပြထားသည်။

၎င်းပြင် သတင်းထဲတွင် ဒေသခံများပြောသည်ဟုဆိုကာ မဟာမုနိ ဘုရားအနီး သရက်တစ်ပင်ကျေးရွာမှ အေအေလက်နက်ကိုင် အဖွဲ့ဝင် သုံးဦးက မိုင်းလာထောင်ခြင်း သိရပြီး ရခိုင်ပြည်နယ် ဝန်ကြီးချုပ်၏ ခရီးစဉ်ကို ဖျက်သိမ်းကာ ရက်ရွှေ့ဆိုင်းခဲ့ရကြောင်း ၎င်းသတင်းတွင် ရေးသားဖော်ပြထားသည်။

ဆက်စပ် သတင်းများ