စနေ၊ ဧပြီလ ၂၀ရက်၊ ၂၀၂၄

စစ်တွေကမ်းနားလမ်းမြစ်ကမ်းအနီး စက်လှေမီးလောင်၊ လူ ၅ ဦးဒဏ်ရာရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၅ စက်တင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 5.7k

ချစ်အိလှိုင်
နိရဥ္စရာ၊ စက်တင်ဘာ ၂၅/၂ဝ၁၉

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ မိဇံရပ်ကွက်၊ ကမ်းနားလမ်း မြို့လယ်ချောင်းအနီးတွင် စက်တင်ဘာလ ၂၅ ရက် နံနက် အစောကြီး ညဉ့် ၂ နာရီကျော်က စက်လှေတစ်စီး မီးလောင်မှုဖြစ်ပွားခဲ့ပြီး စက်လှေပေါ်တွင်ရှိနေသူ လူ ၅ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သတင်းရရှိသည်။

၄င်းစက်လှေမှာ မြစ်ကမ်းအနီး စက်နိုးချိန်တွင် ဆီထည့်ရာမှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

မီးလောင်မှုကြောင့် လူ ၅ ဦး ဒဏ်ရာ အသီးသီးရရှိခဲ့ကာ ၎င်းတို့အထဲမှ စက်လှေပိုင်ရှင်ဖြစ်သူ ဦးခင်မောင်ရွှေ (၄၈)နှစ်မှာ တစ်ကိုယ်လုံးတွင် မီးလောင်ဒဏ်ရာများ အပြင်းအထန် ရရှိခဲ့ကြောင်းသိရသည်။

“မီးလောင်နေတယ်လို့ တာဝန်သိပြည်သူ တစ်ယောက်ကဖုန်းဆက်လို့သွားရောက်မီးငြိမ်းပေးခဲ့ပါတယ်။ ကျနော်တို့ ရောက်တဲ့အချိန် အတော်လောင်နေပါပြီ။ စက်လှေ ပိုင်ရှင်လူနာကို ဆေးရုံတင်ထားပါတယ်” ဟု စစ်တွေမြို့နယ် မီးသတ် ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးစံရွှေထွန်း က နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

မီးလောင်မှုဖြစ်ပွားခဲ့သော စက်လှေမှာ မြေပုံမြို့နယ် သရက်ချောင်းကျေးရွာမှ ဖြစ်ကြောင်း၊နံနက် ၄ နာရီအချိန်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း ရခိုင်ပြည်နယ် မီးသတ်ဦးစီးရုံးမှ သိရသည်။

ဒဏ်ရာရသူ ၅ ဦးစလုံးကို ဆေးရုံတင်ထားရပြီး စက်လှေပိုင်ရှင် ဦးခင်မောင်ရွှေ မှာ ဒဏ်ရာ ပြင်းထန်ကြောင်း သိရှိရသည်။

(ဓာတ်ပုံ- ရခိုင်ပြည်နယ် မီးသတ်)

ဆက်စပ် သတင်းများ