သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

ရသေ့တောင်မြို့နယ် ဆင်ခုန်းတိုင်နှင့်လွန်းတောင်မှုဆလင်ကျေးရွာလုယက်မှုဖြစ်စဉ် အတည်မပြုနိုင်ဟု ကျေးရွာအုပ်ချုပ်ရေးမှူးဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၉ အောက်တိုဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 4.3k

ခိုင်လူလှ (ရိုးမမြေ)
နိရဥ္စရာ၊ အောက်တိုဘာ ၉/ ၂ဝ၁၉

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ဆင်ခုန်းတိုင်နှင့် လွန်းတောင် မူဆလင်ကျးရွာများတွင် ဖြစ်ပွားခဲ့သည့် ရွှေထည်များ လုယက်မှု၊ နွားများကို သတ်ဖြတ်မှုစသည့် ကျူးလွန်မှုဖြစ်စဉ်ကို အတည်မပြုနိုင်ကြောင်း ဆင်ခုန်တိုင်း ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်ဘုက ပြောသည်။

ရသေ့တောင်မြို့နယ်၊ ဆင်ခုန်းတိုင်နှင့် လွန်းတောင်ကျေးရွာများတွင် ၂ဝ၁၉ ခုနှစ်၊ အောက်တိုဘာလ ၆ ရက် နံနက် ၄ နာရီတွင် လက်နက်ကိုင်ဆောင်ထားသူ လူတစ်စုမှ နေအိမ်အချို့မှ ရွှေထည်ပစ္စည်းများ လုယက်ခြင်း၊ နွားများကို ပစ်သတ်သွားခြင်းစသည့် လုပ်ရပ်များကို ကျူးလွန်ခဲ့ကြသည်ဟု သတင်းများ ဖြစ်ပေါ်နေမှုနှင့် ပတ်သက်ပြီး အောက်တိုဘာ ၈ ရက်နေ့က နိရဥ္စရာသတင်းဌာနမှ ဆက်သွယ်မေးမြန်းစဉ် ကျေးရွာအုပ်ချုပ်ရေးမှူးက ယင်းသို့ ပြောကြားခြင်း ဖြစ်သည်။

“ ကျွန်တော်က ဒီကျေးရွာတွေနဲ့ သက်ဆိုင်တဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးပါ။ ဒီလို ဖြစ်တာကို မကြားမိသလို ကျွန်တော်ဆီကိုလည်း ဘယ်သူမှ တိုင်ကြားတာ မရှိဘူး။ ကျွန်တော်တို့ရွာပတ်ဝန်းကျင်မှာ ဘာပြသနာမှ မရှိဘူး။ မူဆလင်ရွာသားတွေကိုလည်း လွတ်လပ်စွာ သွားလာခွင့်၊ အလုပ် လုပ်ခွင့်ပြုထားပါတယ်။ အမှန်တကယ် ဖြစ်တယ်ဆိုရင် ကျွန်တော်ကို တိုင်တန်းရမယ်။ ကျွန်တော်ဆီကို ဒီပြသနာနဲ့ ပတ်သက်ပြီး ဘာမှ အခုအချိန်ထိ တိုင်ကြားတာ မရှိသေးတဲ့ အတွက် အတည်မပြုနိုင်ဘူး” ဟု ပြောဆိုသည်။

ဆင်ခုန်းတိုင်မူဆလင်ရွာနှင့် လွန်းတောင်မူဆလင်ရွာတို့မှာ တစ်ရွာနှင့် တစ်ရွာ မသင့်မြတ်သော ကျေးရွာ နှစ်ရွာဖြစ်ကြောင်း၊ လွန်ခဲ့သော ၇ လပိုင်း၊ ၈ လပိုင်းက ရွာ နှစ်ရွာအကြားပြသနာတက်ခဲ့ကြောင်း၊ သွေးထိုး လှုံ့ဆော်မှုဟုသာထင်ကြောင်း၊ ၎င်းမူဆလင်ကျေးရွာများတွင် လူကြီးများလည်းရှိကြောင်း၊ တစ်ခုခု ဖြစ်လျှင် လာတိုင်ကြမည် ဖြစ်ကြောင်း၊ သူတို့အားလည်း ရခိုင်ကျေးရွာများသို့လာရောက် အလုပ် လုပ်ကိုင်ခွင့်ပြုထားကြောင်း၊ ဆင်ခုန်းတိုင် ကျေးရွာအုပ်စု တွင် တစ်ခု ပြသနာလည်း ဖြစ်ပွားခြင်း မရှိကြောင်း၊ ဆင်ခုန်တိုင်နယ်မြေတွင် လက်ရှိတွင် တိုက်ပွဲလည်း ဖြစ်ပွားခြင်း မရှိကြောင်း၊ နယ်မြေတည်ငြိမ်နေကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်ဘုက ပြောကြားသည်။

“ လွန်းတောင်နဲ့ ဆင်ခုန်းတိုင်မူဆလင်ကျေးရွာ နှစ်ရွာအကြားမှာ ဒီနှစ် ၇ လပိုင်း၊ ၈ လပိုင်းက ပြသနာတွေ ပြင်းထန်စွာဖြစ်ပွား ခဲ့တာရှိပါတယ်။ လွန်းတောင်ရွာသားတွေက ဆင်ခုန်းတိုင်မူဆလင်ရွာက ရာအိမ်မှူးတစ်ဦးကို သတ်ပစ်တယ်။ နောက်မော်လဝီဆရာ တစ်ဦးသတ်ပစ်တယ်။ နောက်လယ်ထွန်နေတဲ့  လင်မယားနှစ်ယောက်ကို ဂျင်ဂလိနဲ့ ပစ်တယ်။ ဒီလို ပြသနာရှိတွေရှိခဲ့တယ်။ အခုတော့ ပြသနာက အေးဆေးသွားပါပြီ။ အခု အချိန်မှာ ဒီလို ဖြစ်လာတယ်ဆိုတာ သွေးထိုးလှုံ့ဆော်မှုလိုဘဲ ကျွန်တော်က ယူဆပါတယ်။ အခု ဖြစ်တာက သူတို့အချင်းချင်း ဖြစ်တာပါ။ မဟုတ်မမှန်စွပ်စွဲချက်လို့ဘဲ ယူဆပါတယ်” ဟု ဆင်ခုန်းတိုင် အုပ်ချုပ်ရေးမှူးက ဆက်လက် ပြောကြားသည်။

လွန်းတောင် (မူဆလင်ရွာ) နှင့် ဆင်ခုန်းတိုင် (မူဆလင်ရွာ) ကျေးရွာ နှစ်ရွာပေါင်း အိမ်ခြေ ၄ဝဝ ခန့်ရှိကြောင်း ၎င်းက ပြောကြားသည်။

လွန်းတောင်ကျေးရွာမှ မူဆလင် လူကြီးတစ်ဦးဖြစ်သူ ဦးမောင်သိန်းကျော်အားဆက်သွယ်ရာ ၎င်းက “ သူတို့ ကုလား ၆ ယောက်က ညဉ့်ခါလာပြီး သေနတ်ပစ်ပြီး ဦးခါဆိမ့်အိမ်၊ ပြီးရင် မာဂျီဒါအိမ်၊ မာမောက်ဆလင်အိမ်၊ သူတို့ အိမ်တွေထဲက ရှိတဲ့ ရွှေတွေ၊ ငွေတွေ အားလုံးကို ယင်းကုလားတိ ယူသွားပါတယ်။ သူတို့နဲ့ သေနတ်နဲ့ လာပါတယ်။ သူတို့မှာ အဖွဲ့တော့ မရှိဘူး။ ဓါးပြပုံစံမျိုးပေါ့။ ရွှေတစ်အိမ်က လေးကျပ်၊ နောက်တစ်အိမ်က ရွှေတစ်ကျပ်နဲ့ ငွေ ၅ သိန်း၊ နောက်တစ်အိမ်က ရွှေတစ်ကျပ် ငွေ လေးသိန်း ယူသွားပါတယ်။ အောက်တိုဘာ ၆ ရက် နေ့လယ် ၂ နာရီမှာ ကျွန်တော်တို့ရွာကို သူတို့ ထပ်လာပါတယ်။ ကျွန်တော်အနီးမှာ ဆင်ခုန်းတိုင်ရွာရှိပါတယ်။ ကျွန်တော်တို့ နေတာက လွန်းတောင်ပါ ။ အဲဒီ လူ ၆ ယောက်က ဆင်ခုန်းတိုင် မူဆလင်ရွာက တစ်အိမ်တစ်ယောက်ကျခေါ်ပြီး ကျွန်တော်တို့ရွာကို လာပါတယ်ဆရာ၊ အိမ် ၃၁ လုံးကို ဖျက်ဆီး ပစ်ပါတယ်။ ဖျက်ဆီးပီး၊ ဖြိုပီးရင် အိမ်မှာရှိတဲ့ ပစ္စည်းတွေ အားလုံးကို ယူသွားပါတယ်။ ဆန်စပါးတွေက အားလုံးကို ယူသွားပါတယ်။ နွားကောင်ရေ ၃ဝ လောက်ကိုလည်း လိုက်ယူသွားပါတယ်။ ၎င်းတို့  ၆ ဦးမှာ သေနတ်များလည်း ပါပါတယ်။ အရှည်မျိုးပါ။ ကျွန်တော်တို့က ဒုက္ခမျိုးခံနေရတာကို သိစေချင်ပါတယ်။ အခု ရွာမှာ လုံခြုံမှုလည်း မရှိပါ။ အခု စစ်ပြေးရှောင် ထွက်ပြေးရဖို့ ဖြစ်နေပါတယ်” ဟု ပြောကြားသည်။ 

အစိုးရပိုင် သတင်းစာများတွင် အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး  ရသေ့တောင်မြို့နယ်၌ သေနတ်ကိုင်အမျိုးသား ၇ ဦးက ကျေးရွာ ၂ ရွာရှိ နေအိမ် ၅ အိမ်မှ ရွှေထည်ပစ္စည်းနှင့် ငွေတို့အားလုယက်ယူဆောင်၍ နွား(၂)ကောင်အား ပစ်ခတ်ခဲ့ ခေါင်းစဉ်ဖြင့် အောက်တိုဘာ ၇ ရက်နေ့က သတင်းရေးသားဖာ်ပြသည်။

၎င်းသတင်းထဲတွင် ၂ဝ၁၉ ခုနှစ်၊ အောက်တိုဘာလ ၆ ရက် နံနက် ၄ နာရီတွင် အရပ်ဝတ် ဝတ်ဆင်ထားသော ရခိုင် စကားပြော၊ လက်နက်ကိုင်ဆောင်ထားသည့်အမျိုးသား(၇)ဦးသည် ရသေ့တောင်မြို့နယ်၊ ဆင်ခုန်တိုင်(မွတ်စလင်) ကျေးရွာအတွင်းသို့ သေနတ်များပစ်ဖောက်ဝင်ရောက်ကာ အဆိုပါ ကျေးရွာနေ အဒူခေါ်ရိမ်၏ နေအိမ်မှ ရွှေ(၁၂)ပဲသား၊ အဒူဇော်ဘောရ်၏ နေအိမ်မှ ငွေကျပ် ၈ သိန်း နှင့် မဆာဂျီဒါ၏ နေအိမ်မှ ရွှေ(၁)ကျပ်သား၊ ငွေကျပ် ၃ သိန်းတို့အားလည်းကောင်း ယူဆောင်သွားခဲ့သည်ဟု ဖော်ပြသည်။

အလားတူ လွန်းတောင်(မွတ်စလင်)ကျေးရွာနေ မာဘီယာခါတူ၏ နေအိမ်မှ ရွှေ(၁)ကျပ်သား၊ ငွေကျပ် ၅ သိန်း နှင့် မာဂျီဒါ၏နေအိမ်မှ ရွှေ ၄ ကျပ်သားတို့အားလည်းကောင်း၊ စုစုပေါင်း ရွှေ(၆)ကျပ်(၁၂)ပဲသား၊ ငွေသားကျပ်(၁၆)သိန်းတို့အား နေအိမ်တံခါးများဖျက်ဆီးကာ ဝင်ရောက်လုယက်ယူဆောင်သွား ကြောင်း၊ ထို့ပြင် ဆင်ခုန်တိုင်(မွတ်စလင်)ကျေးရွာနေ မဆာဂျီဒါပိုင် နွား ၂ ကောင်အား သေနတ်ဖြင့် ပစ်သတ်ခဲ့သသည်ဟု ဆက်လက် ရေးသား ဖော်ပြသည်။

၎င်းကျူးလွန်မှုများအား အရေးယူပေးပါရန်တိုင်တန်းချက်အရ စေတီပြင်နယ်မြေရဲစခန်း(ပ)၃၁/၂ဝ၁၉ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅ဝ(က)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းတွင် ဖော်ပြထားသည်။

ဆက်စပ် သတင်းများ