စနေ၊ ဧပြီလ ၂၀ရက်၊ ၂၀၂၄

မြေပုံမြို့နယ်မှ ညီအစ်ကိုနှစ်ဦးပျောက်ဆုံးနေသည်မှာ တစ်ပတ်ကျော်ကြာလာ၍ မိသားစုများစိုးရိမ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၅ အောက်တိုဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 9.7k

ခိုင်လူလှ (ရိုးမမြေ)
နိရဥ္စရာ၊ အောက်တိုဘာ ၁၅/၂ဝ၁၉

ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ ကောအုပ်စု၊ ရွာသာယာရွာမှ ညီအစ်ကိုနှစ်ဦးမှာ ပျောက်ဆုံးနေသည်မှာ တစ်ပတ်ကျော်ရှိလာပြီ ဖြစ်သဖြင့် မိသားစုများ အထူးစိုးရိမ်နေကြသည်ဟု အစ်ကိုဖြစ်သူ ဦးသိန်းအောင်က ပြောကြားသည်။

ရွာသာယာကျေးရွာနေ ဦးမောင်တင်၏ သားများဖြစ်ကြသော ကိုမောင်ဝင်းဋ္ဌေး (၂၈) နှစ်နှင့် ညီဖြစ်သူ ကိုမောင်ဋ္ဌေးဝင်း (၂၆) နှစ်တို့သည် အောက်တိုဘာ ၈ ရက် နံနက် ၁၁ နာရီအချိန်မှ ရွာမှနေပြီး စက်တပ်ဟွန်ဒါလှေဖြင့် ယောချောင်းအထက်ပိုင်းသို့ ကျွဲများရောင်းချရန် အတွက် သွားရောက်ရာမှ အိမ်ပြန်မရောက်ဘဲ ပျောက်ဆုံးနေသည်ဟု သိရသည်။

“ ကျွန်တော် ညီနှစ်ယောက်က စီးပွားရေးကျပ်တည်းတော့ ကျွဲတွေကို ရောင်းချဖို့ ဝယ်မယ့်သူဆီကို စက်လှေနဲ့သွားကြတာပါ။ သူတို့ စက်လှေကိုတော့ ယောချောင်းထဲ ကိုးဝနေရာ အနီးမှာ ပြန်တွေ့ပါတယ်။ လူကိုတော့ ဒီနေ့ မတွေ့ရသလို အဆက်အသွယ်လည်း မရဘဲ ဖြစ်နေပါတယ်။ အခု တစ်ပတ်ကျော်နေပါပြီ”ဟု ၎င်းက ပြောကြားသည်။

အစ်ကိုဖြစ်သူ ကိုမောင်ဝင်းဋ္ဌေးတွင် ဇနီးဖြစ်သူ မနီနီခိုင်နှင့် သားသမီးနှစ်ဦးရှိပြီး ညီဖြစ်သူ မောင်ဋ္ဌေးဝင်းတွင် ဇနီးဖြစ်သူ မနွယ်နွယ်စိုးနှင့် သမီးတစ်ဦးရှိကာ ပျောက်ဆုံးနေသည်မှာ တစ်ပတ်ကျော်နေပြီ ဖြစ်သဖြင့် မိသားစုများက အထူး စိုးရိမ်နေကြသည်ဟု ဆိုသည်။  

၎င်းညီအစ်ကို နှစ်ဦးပျောက်ဆုံးမှုနှင့် ပတ်သက်ပြီး နီးစပ်ရာ ရဲစခန်းတွင် အသိပေး တိုင်ကြားထားပြီး ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်မြင့်ကိုလည်း တိုင်ကြားထားသည်ဟု သိရသည်။

ဆက်စပ် သတင်းများ