စနေ၊ ဧပြီလ ၂၀ရက်၊ ၂၀၂၄

Golden Myanmar Airlines လေယာဉ်စက်ချွတ်ယွင်း၍ စစ်တွေလေဆိပ်တွင်ရပ်ထားရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၈ အောက်တိုဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 5.1k

နီမင်းထွန်း
နိရဥ္စရာ ၊ အောက်တိုဘာ ၁၈ / ၂ဝ၁၉

ရခိုင်ပြည်နယ်၊စစ်တွေလေဆိပ်မှ ရန်ကုန်သို့ ယနေ့နံနက် ၈ နာရီ ၅ဝ မိနစ်က ပျံသန်းပြေးဆွဲမည့်  Golden Myanmar Airlines လေယာဉ်သည် စက်ချွတ်ယွင်းမှုရှိသည့်အတွက် မပျံသန်းနိုင်ဘဲ ယနေ့ မွန်းလွဲ အချိန်ထိ ရပ်နားထားရသည်ဟု သတင်းရရှိသည်။

ခရီးသည်များမှာ လေယာဉ်ပေါ်တက်ပြီးမှ စက်ချွတ်ယွင်းနေသဖြင့် လေယာဉ်ပေါ်က ဆင်းကာ စစ်တွေလေဆိပ် နားနေဆောင်တွင် နားနေကြရသည်ဟု ယင်းလေယာဉ်နှင့် ရန်ကုန်သို့ လိုက်ပါမည့်  ခရီးသည် မနှင်းယုရွှေက နိရဥ္စရာ သတင်းဌာနကိုပြောသည်။

“ခရီးသည်တွေကို လေယာဉ်ပေါ်တက်ပြီးမှ စက်ချွတ်ယွင်းတယ်ဆိုပြီး နားနေဆောင်ကိုပြန်သွားဖို့ပြောတယ်။ လေယာဉ်တက်ပြီးမှသိရင် အသက်အန္တာရာယ် စိုးရိမ်ရတယ်။ အခုလိုဖြစ်သွားတော့ အစည်အဝေးတွေ၊ တစ်ခြား လုပ်ငန်း ကိစ္စတွေကို cancel လုပ် ဖျက်လိုက်ရတာတွေရှိတယ် ” ဟု သူမက ပြောသည်။

ယင်းလေယာဉ်၏ ချွတ်ယွင်းနေသောစက်ကို ပြုပြင်ရန်အတွက် စက်အင်ဂျင်နီယာအဖွဲ့ ရန်ကုန်မှလာနေပြီး ပြန်လည်ပြုပြင်ပြီးမှ ထွက်ခွာမည်ဟု သိရကြောင်း ၄င်းက ဆက်ပြောသည်။

ယနေ့ နံနက်က ပျံသန်းပြေးဆွဲရမည့်  ယင်းလေယာဉ်မှာ မပျံသန်းနိုင်ဘဲ ရှိနေ သေးကြောင်း နေ့လယ် ၁ နာရီခွဲအချိန်က ဆက်သွယ်မေးမြန်းရာ  လေကြောင်းလိုင်း တာဝန်ရှိသူများက ပြောသည်။

နောက်ဆုံး ရရှိသော သတင်းအရ မွန်းလွဲ ၂ နာရီ ၅ဝ မိနစ်ထိ မပျံသန်းနိုင်သေးကြောင်း သိရသည်။

ဆက်စပ် သတင်းများ