စနေ၊ ဧပြီလ ၂၀ရက်၊ ၂၀၂၄

ဘူးသီးတောင်တွင် မြေစာရင်းဝန်ထမ်းတစ်ဦး ဖမ်းဆီးခေါ်ဆောင်ခံရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၃ အောက်တိုဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 7.1k

သိန်းဇော်(မောင်တော)

စစ်တွေ၊ အောက်တိုဘာ ၂၃/၂ဝ၁၉

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့ပေါ် (၅)ရပ်ကွက်မှ မြေစာရင်း ဝန်ထမ်းတစ်ဦးကို စစ်ဆေးစရာရှိသည်ဟု ဆိုကာ ရဲစခန်းသို့ ခေါ်ဆောင်သွားသည်ဟု သတင်းရရှိသည်။

ယမန့်နေ့ ညဉ့် ၁၂ နာရီခန့်က  စစ်ဆေးမေးမြန်းစရာ ရှိသည်ဟုဆိုကာ ရဲနှင့် စရဖ လုံခြုံရေးတပ်ဖွဲ့ဝင်များ က နေအိမ်သို့ လာရောက်ပြီး ခေါ်ဆောင်သွားသည်ဟု မိသားစုဝင်များက နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

ခေါ်ဆောင်ခံရသူမှာ ဘူးသီးတောင်မြို့ပေါ် (၅) ရပ်ကွက်မှ မြေတိုင်းစာရေး ဦးမောင်လှသိန်း (၄၇)နှစ် (ဘ)ဦးကာလာချေ ဖြစ်ကြောင်းသိရသည်။

ခေါ်ဆောင်ခံရသူ၏ အစ်ကိုဖြစ်သူ ဦးမောင်ရွှေသိန်းက“သူ့ကိုညဖက်အိမ်ကနေလာခေါ်သွားတာပါ။ ဘာကြောင့် ခေါ်သွားတယ်ဆိုတာကို ရှင်းရှင်းလင်းလင်းတစ်ခုမှ မပြောသေးဘူး။ စစ်ဆေးစရာရှိတယ်ဆိုပြီးခေါ်ယူသွားပါတယ်။ အခုထိမလွှတ်သေးပါ။ ရဲစခန်းမှာပါ။ သူတို့ပြောတာက အထက်ကအမိန့်အရ စစ်ဆေးစရာ ရှိတယ်လို့ ပြောပါတယ်” ဟု ပြောသည်။

စရဖတပ်ဖွဲ့ဝင်များက အပေါ်မှညွှန်ကြားချက်အရ ခေါ်ယူစစ်ဆေးခြင်းသာဖြစ်ကြောင်း၊ လက်ရှိတွင် ဘူးသီးတောင်မြို့နယ် ရဲစခန်းတွင် ရှိနေပြီး ယခုထိ စစ်ဆေးမှုများ ပြုလုပ်သည်ဟု သတင်းမရသေးကြောင်း ယနေ့ နံနက် ၈နာရီခွဲက ဆက်သွယ် မေးမြန်းစဉ် ဦးမောင်ရွှေသိန်းက ထိုသို့ပြောသည်။

“ကျနော့်ညီက မြေစာရင်း  ၄ ကပါ။ မြေတိုင်းစာရေး သင်တန်း ရန်ကုန်ကို သုံးလသွားတက်ပြီး ပြန်ရောက်ခါစဘဲ ရှိပါသေးတယ်။ အောက်တိုဘာ ၈ ရက်နေ့ကပြန်ရောက်တာပါ။ သံသယရှိလို့ မေးဖို့ခေါ်ထားတာဖြစ်နိုင်ပါတယ်။ မနေ့ကညဉ့် ခေါ်သွားတဲ့အချိန်ကတည်းက သူ့ဖုန်းကိုပါသိမ်းထားတယ်” ဟု အစ်ကို ဖြစ်သူ ဦးမောင်ရွှေသိန်း က ပြောသည်။

ထိုသို့ ခေါ်ဆောင်သွားခြင်းနှင့် ပတ်သက်ပြီး ယနေ့ နံနက် ၉နာရီ ၅မိနစ်က ဘူးသီးတောင်မြို့နယ် ရဲစခန်းသို့ ဖုန်းဖြင့် ဆက်သွယ်ခဲ့ရာ ရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက  ယမန်နေ့က တာဝန်မှူး ဂျူတီ ထမ်းဆောင်ရန် မရောက်သေးသည့် အတွက် ထိုအကြောင်းအရာအများကို မသိကြောင်း ပြန်လည်ဖြေကြားသည်။


ဆက်စပ် သတင်းများ