ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

လွတ်မြောက်လာသည့်အိန္ဒိယနိုင်ငံသား ၉ ဦးတွင် တစ်ဦးသေဆုံးလျက်ပါရှိ၊ ချင်းပြည်နယ်မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်း လွတ်မြောက်မှုမရှိသေး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၈ နိုဝင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 7.2k

မာန်ယုကျော် (ရွှေဝမြေ)

စစ်တွေ၊ နိုဝင်ဘာ ၄ / ၂ဝ၁၉

ဖမ်းဆီးခံခဲ့ရသူများအနက် အိန္ဒိယနိုင်ငံသား ၉ ဦးသည် ယနေ့နံနက်ပိုင်းက လွတ်မြောက်လာပြီး တစ်ဦးသေဆုံးလျက်ပါရှိကာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းမှာ လွတ်မြောက်မှုမရှိသေးဟု ချင်းပြည်နယ်အစိုးရအဖွဲ့၏ပြောေရးဆိုခွင့်ရှိသူ စည်ပင်သာယာရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးစိုးထက်က နိဥ္စရာကိုပြောသည်။

"ကျနော်တို့ မနက်က သတင်းရတာတော့ မနက် ၆ နာရီလောက်မှာ သူတို့ဖမ်းထားတဲ့နေရာ ဆိပ်ကမ်းပေါ့။ အဲဒီ Speed Boat ရှိတဲ့နေရာကို ၆ နာရီရောက်ပြီးတော့ အဲဒီကနေ ကျောက်တော်ကိုပေါ့။ Speed Boat နဲ့သွားတာ ၈ နာရီလောက်မှာ ကျောက်တော်ကို ရောက်သွားတယ်။ သူတို့ လွတ်လာပြီဆိုတာပဲ သိလိုက်တယ်။ နောက်ကျတော့ လွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းကျတော့ မလွှတ်ဘဲ မေးစရာရှိတယ်ဆိုပြီးတော့ ခေါ်ထားလိုက်တယ်လို့ သိရပါတယ်။"ဟု ဝန်ကြီး ဦးစိုးထက်က ဆိုသည်။

လွတ်မြောက်လာသူများမှာ မြန်မာနှင့် အိန္ဒိယနယ်စပ်ဖြစ်သည့် ပလက်ဝနှင့် မြိတ်ဝတို့ကို ဆက်သွယ်ဖောက်လုပ်နေသော EIP ကုမ္ပဏီနှင့် RPP ကုမ္ပဏီတို့မှ အိန္ဒိယနိုင်ငံသား ငါးဦးနှင့်အတူ စကားပြန်နှစ်ဦးနှင့် Speed Boat မောင်းသမားနှစ်ဦးတို့ဖြစ်ကြောင်း သိရသည်။ ယင်းတို့အနက် သေဆုံးသွားသူမှာ အိန္ဒိယနိုင်ငံသားတစ်ဦးဖြစ်ပြီး သူသည် ယမန်နေ့က ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရချိန်တွင် အမောဆို့၍ သေဆုံးသွားခြင်းဖြစ်သည်ဟုလည်း သိရသည်။

လက်ရှိတွင် သေဆုံးသွားသည့်အလောင်းနှင့် လွတ်မြောက်လာသူများကို ကျောက်တော်မှတဆင့် စစ်တွေသို့ပို့ဆောင်မည်ဖြစ်ပြီး စစ်တွေမှ ရန်ကုန်သို့ပို့ဆောင်ရန် ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ကူညီပေးနေသည်ဟု ချင်းပြည်နယ်အစိုးရအဖွဲ့၏ပြောေရးဆိုခွင့်ရှိသူ စည်ပင်သာယာရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးစိုးထက်က ဆိုသည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်အစိုးအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်ကို နိရဥ္စရာသတင်းဌာနကဆက်သွယ်ရာ သူက "အဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ ကျနော့်ဆီကို သတင်းမရောက်သေးတဲ့အတွက် ကျနော် ဒါကိုတော့ လောလောဆယ် ဘာမှ ပြောလို့မရသေးဘူး။"ဟု ဖြေကြားသည်။

ချင်းပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ်(၁၁)မှ NLD ပါတီ လွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းအပါအဝင် အိန္ဒိယနိုင်ငံသား ငါးဦး၊ စကားပြန်နှစ်ဦးနှင့် Speed Boat မောင်းသမားနှစ်ဦးတို့သည် နိုဝင်ဘာ ၃ ရက်နေ့ နံနက် ၈ နာရီခွဲခန့်က ချင်းပြည်နယ် ပလက်ဝမြို့နယ်မှ စစ်တွေမြို့သို့ Speed Boat များဖြင့် ကုလားတန်မြစ်အတိုင်းဆင်းလာရာ ကျောက်တော်မြို့နယ် ကျောက်တန်းကျေးရွာအနီးတွင် ရက္ခိုင့်တပ်တော် (AA)က ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု သိရသည်။

"AA က ဖမ်းတယ်လို့ သူတို့ အတည်ပြုပါတယ်ခင်ဗျ။ AA စခန်းကိုပဲ ခေါ်သွားတာပေါ့။ ဒီမှာက တပ်စခန်းနဲ့ AA နဲ့ လက်နက်ကိုင်က ဒီဒေသမှာ နှစ်မျိုးပဲရှိတယ်။ တပ်ကတော့ ခေါ်တာမဟုတ်ဘူး။ သေချာတယ်။ AA ခေါ်သွားပေါ့။ ဘာကြောင့်ခေါ်တယ်ဆိုတာတော့ အတည်ပြုမပြောဘူး။"ဟု ချင်းပြည်နယ်အစိုးရအဖွဲ့၏ပြောေရးဆိုခွင့်ရှိသူ စည်ပင်သာယာရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးစိုးထက်က နိရဥ္စရာကိုပြောသည်။

ဖမ်းဆီးခံထားရဆဲဖြစ်သည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းကို အမြန်ဆုံးပြန်လွှတ်ပေးစေလိုပြီး သူ့ကို ဘာကြောင့် ဖမ်းဆီးထားသည်ဆိုသည်ကို AA သာ သိလိမ့်မည်ဟု ဝန်ကြီးဦးစိုးထက်က ဆိုသည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး အသေးစိတ်သိနိုင်ရန် ရက္ခိုင့်တပ်တော် (AA)၏ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခအား ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရသေးပါ။

ဓာတ်ပုံ - ဖမ်းဆီးခံထားရသည့် ချင်းပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ်(၁၁)မှ NLD ပါတီ လွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းအား တွေ့ရစဉ်။
--------------------------------

Unicode














ဆက်စပ် သတင်းများ