သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

ကျောက်တော်မြို့နယ် မီးဝကျေးရွာနှင့် ပလက်ဝမြို့နယ် တုံးမဝကျေးရွာအနီး တောင်တန်းများတွင် တိုက်ပွဲပြင်းထန်၊ တပ်မတော်က ရဟတ်ယာဉ်နှစ်စီးဖြင့် ပစ်ခတ်ခဲ့ဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၈ နိုဝင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 9.2k

နောင်ခိုင်အောင်
နိရဥ္စရာ၊ နိုဝင်ဘာ ၅ /၂ဝ၁၉

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ မီးဝကျေးရွာ အနောက်ဘက်တောင်ကြောများနှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ တုံးမဝကျေးရွာ အနောက်ဘက်တောင်တန်းများကို တပ်မတော်က ရဟတ်ယာဉ်များဖြင့် လာရောက်ပစ်ခတ်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

ယနေ့ နိုဝင်ဘာလ ၅ ရက်နေ့ ညနေ ၅ နာရီအချိန်က ကျောက်တော်မြို့နယ်၊ မီးဝကျေးရွာအနောက်ဘက်ရှိ တောင်တန်းများကို ရဟတ်ယာဉ်နှစ်စီးဖြင့် လာရောက်ပစ်ခတ်ခဲ့ကြောင်း မီးဝကျေးရွာ ဒေသခံတစ်ဦးက ပြောသည်။

“ဇရပ်တောင်ကြောတန်း၊ ဒီမှာက ဆင်ကျော်ချောင်းတောင်ကြောတန်းလို့ ခေါ်ပါတယ်။ ၅ နာရီထိုးဖို့ ၃ မိနစ်အလိုက စပစ်ပါတယ်။ ၅ နာရီနဲ့ ၄ မိနစ်လောက်အထိ ပစ်ခဲ့ပါတယ်။ မြင်ရတာကတော့ လေယာဉ်က ရှေ့တစ်စီး နောက်တစ်စီး မြင်ရပါတယ်။ ပစ်တာကိုလည်း မြင်ရပါတယ်။ တောထဲမှာ မီးခိုးထွက်သွားတာတွေ အားလုံးမြင်ရပါတယ်။ တိုက်ပွဲဖြစ်သံတော့ မကြားဘူး။ လက်နက်ကြီးပစ်သံတော့ ကျွန်တော်တို့ ကြားရပါတယ်။” ဟု ၄င်းက နိရဥ္စရာသို့ ပြောသည်။

အလားတူ ယနေ့နံနက် ၁ဝ နာရီခွဲအချိန်က ပလက်ဝမြို့နယ် တုံးမဝကျေးရွာ အနောက်ဘက်တောင်တန်းများတွင်လည်း လက်နက်ကြီး ပစ်ခတ်သံများ ကြားရကြောင်းနှင့် ညနေ ၅ နာရီ အချိန်ခန့်တွင် ရဟတ်ယာဉ်နှစ်စီးဖြင့် လာရောက်ပစ်ခတ်ခဲ့ကြောင်း နှမဒါကျေးရွာသားတစ်ဦးက ပြောသည်။

“ကျွန်တော်တို့ရွာအနောက်ဘက်မှာ တုံးမဝရွာရှိပါတယ်။ အဲဒီရွာနားက တောင်တန်းတွေကို လက်နက်ကြီး ပစ်တာကို ကြားရတယ်။ ပြီးတော့ ညနေဘက်ကျတော့ လေယာဉ်နဲ့ လာပစ်တယ်။”ဟု ၄င်းက နိရဥ္စရာသို့ ပြောသည်။

ရသေ့တောင်မြို့နယ်နှင့် ဘူးသီးတောင်မြို့နယ်တို့ရှိ နေရာအချို့တွင်လည်း လက်နက်ကြီးလက်နက်ငယ်များ ပစ်ခတ်သံများကို ပြင်းပြင်းထန်ထန်ကြားရပြီးနောက် ဒေသခံများ ထွက်ပြေးနေရသည်ဟု ဒေသခံများက ပြောသည်။

ယင်းကိစ္စနှင့် ပတ်သက်ပြီး အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ စစ်ဦးစီး ပထမတန်း ဗိုလ်မှူးကြီး ဝင်းဇော်ဦးကို ဆက်သွယ်မေးမြန်းရာ ထိုကိစ္စကို သူ့အနေဖြင့် မသိရှိရသေးကြောင်း ပြောသည်။

တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ရှိမရှိကို သိရှိရန် ရက္ခိုင့်တပ်တော်(AA)၏ ပြန်ကြားရေး တာဝန်ခံ ခိုင်သုခကို ဆက်သွယ်မေးမြန်းသော်လည်း ဆက်သွယ်မှုမရရှိခဲ့ပါ။

---------------------

Unicode Version


နိရဉ်စရာ၊ နိုဝငျဘာ ၅ /၂ဝ၁၉









ဆက်စပ် သတင်းများ