ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

ဖမ်းဆီးထားသည့် ဦးဝှေ့တင်းကို အမြန်ဆုံးလွှတ်ပေးရန် ချင်းအဖွဲ့အစည်း (၄၃)ဖွဲ့ တောင်းဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၁ နိုဝင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 1.8k

စိုးဇံအောင်
နိရဥ္စရာ၊နိုဝင်ဘာ ၁၁ /၂ဝ၁၉

ဖမ်းဆီးထိန်းသိမ်းထားသည့် ဦးဝှေ့တင်းကို အမြန်ဆုံးပြန်လွှတ်ပေးရန် ချင်းအဖွဲ့အစည်း(၄၃)ဖွဲ့က သဘောထား ထုတ်ပြန်ချက် တစ်စောင်ဖြင့် တောင်းဆိုလိုက်သည်။

ချင်းလူ့အခွင့်အရေးအဖွဲ့စည်း(Chin Human Rights Organization) ဥက္ကဌ ဆလိုင်းလျန်က”AA ဟာ ကျွန်တော်တို့ ဒီ ဦးဝှေ့တင်းကို ထိန်းချုပ်ထားတာ ကိုးရက် ဆယ်ရက်ရှိနေပြီပေါ့နော်။ဆိုတော့ အဲဒီလို ထိန်းသိမ်းထားတဲ့ အချိန်မှာ နောက်ဆုံးဖော်ပြချက်အရ သူ့ရဲ့ ကျန်းမာရေးကအစ၊ သူ့ရဲ့ အသက်အန္တရာယ်က အစ အားလုံးဖော်ပြထားတာ မရှိဘူး။ပြီးတော့ နောက်ထပ်တစ်ခု သူတို့ ထုတ်ပြန်တဲ့နေရာမှာ ဒီလိုမျိုး AA ရဲ့လုပ်ငန်းတွေမှာ နှောင့်ယှက်လာပေးတဲ့ လူတွေ၊ ဒါမှမဟုတ် ကိုယ်စားလှယ်တွေ၊ဒါမှမဟုတ် ဒီ အဖွဲ့အစည်းတွေ ဖမ်းချုပ်နိုင်တယ်ဆိုတာ ခြိမ်းခြောက်မှုတွေ ပါလာတဲ့အတွက်ကြောင့် ဒီဟာက မဖြစ်သင့်ဘူးဆိုတာ ကျွန်တော်တို့က တုံ့ပြန်တဲ့အနေနဲ့ တစ်ခု၊ပြီးတော့ ဦးဝှေ့တင်းရဲ့ အခြေအနေကို သူတို့ဆီကနေ ပြန်ရချင်လို့ ထုတ်ပြန်ရတာ ဖြစ်ပါတယ်”ဟု နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

AA အနေဖြင့် ဦးဝှေ့တင်းကို အမြန်ဆုံးလွှတ်ပေးရန် ထပ်မံတောင်းဆိုကြောင်း၊ ဦးဝှေ့တင်းကို ဖမ်းဆီးထိန်းသိမ်း ထားစဉ်အတွင်း နိုင်ငံတကာ လူ့အခွင့်အရေး စံချိန်စံညွှန်းများနှင့်အညီ လူ့ဂုဏ်သိက္ခာ ပြည့်ဝစွာ ဆက်ဆံရန် သတိပေးလိုကြောင်းနှင့် ဦးဝှေ့တင်းသည် ဘေးကင်းလုံခြုံစွာ ရှိနေကြောင်း ခိုင်လုံသည့်သက်သေ အထောက်အထား များဖြင့် မိသားစုဝင်များနှင့် အများပြည်သူအား ပွင့်လင်းစွာ အသိပေးချပြန်ရန် အချိန်တန်နေပြီ ဖြစ်ကြောင်း ချင်းအဖွဲ့အစည်း (၄၃)ဖွဲ့၏ ပူးတွဲထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အလားတူ ဦးဝှေ့တင်းကို ဖမ်းဆီးထိန်းသိမ်းထားသည့်အချိန် ကြာမြင့်လာသည်နှင့်အမျှ AA အဖွဲ့ သည် နိုင်ငံတကာအသိုင်းအဝိုင်းနှင့် ပြည်သူလူထုများအကြား အဖွဲ့၏ ပုံရိပ် စွန်းထင်းကျဆင်းလာမည်ကို သတိ ချပ်စေလိုကြောင်း၊ အပြစ်မဲ့အရပ်သား ပြည်သူများအား ပြစ်မှတ်ထားကာ အကြမ်းဖက်မှုများ ကျူးလွန်၍ မရကြောင်း၊ ထိုသို့ကျူးလွန်ခြင်းသည် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေများအရ ရာဇဝတ်မှု မြောက်နိုင်သည်ကို ထပ်မံသတိပေးလိုကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

လူ့အခွင့်အရေးချိုးဖောက်မှုများကို ဆက်လက်ကျူးလွန်ခြင်းသည် ချင်းပြည်သူများနှင့် AA လက်နက်ကိုင် အဖွဲ့တို့ကြား ဆက်ဆံရေးတင်းမာလာစေမည့်အပြင် AA လက်နက်ကိုင်အဖွဲ့၏ လုပ်ရပ်များကို အကြမ်းဖက် လုပ်ရပ်များအဖြစ် ပြည်သူများမှ မှတ်ယူသွားစေနိုင်ကြောင်း ယနေ့ နိုဝင်ဘာလ ၁၁ ရက်နေ့ နံနက်က ထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။

ခူမီးရေးရာကောင်စီ(Khumi Affairs Coordination Council)ဥက္ကဌ အိုက်စောမြကလည်း AA လက်နက်ကိုင် တပ်ဖွဲ့အနေဖြင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းကို ဖမ်းဆီးထိန်းသိမ်းထားသည်မှာ ၉ ရက် ရှိနေပြီ ဖြစ်သည့်အတွက် အမြန်ဆုံးပြန်လွှတ်ပေးစေလိုကြောင်း နိရဥ္စရာသို့ ပြောသည်။

“ရိုးရိုးသားသားနဲ့ သူ့ကို မိသားစုနဲ့ ပြန်ပြီး ပေါင်းစည်းစေလိုပါတယ်။အဲဒါကြောင့် AA အနေနဲ့ ဖမ်းဆီးထားတဲ့ ဦးဝှေ့တင်းကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ တောင်းဆိုပါတယ်”ဟု အိုက်စောမြက ပြောသည်။

နိုဝင်ဘာလ ၉ ရက်နေ့ကလည်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည့် ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)က ဦးဝှေ့တင်းကို အမြန်ဆုံး ပြန်လွှတ်ပေးရန် တိုက်တွန်းကြောင်း ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။

ဦးဝှေ့တင်းကို စစ်ဆေးမေးမြန်းစရာ ရှိသေးသည့်အတွက် ဆက်လက် ဖမ်းဆီးထိန်းသိမ်းထားခြင်းဖြစ်ကြောင်း ရက္ခိုင့်တပ်တော်(AA) ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက  နိုဝင်ဘာလ ၄ ရက်နေ့က  ဆက်သွယ်မေးမြန်းစဉ် ပြောခဲ့သည်။

ချင်းပြည်နယ်၊ပလက်ဝမြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဝှေ့တင်းအပါအဝင် အိန္ဒိယ နိုင်ငံသား ငါးဦး၊စကားပြန်နှစ်ဦးနှင့် Speed Boat မောင်းသမားနှစ်ဦးတို့သည် နိုဝင်ဘာလ ၃ ရက်နေ့ နံနက် ၈ နာရီခွဲခန့် က ပလက်ဝမြို့နယ်မှ စစ်တွေမြို့သို့ Speed Boat နှစ်စီးဖြင့် ကုလားတန်မြစ်အတိုင်း ဆင်းလာရာ ကျောက် တော်မြို့နယ်၊ ကျောက်တန်းကျေးရွာအနီးတွင် ရက္ခိုင့်တပ်တော်(AA)၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။

ဖမ်းဆီးခံခဲ့ရသူများအနက် အိန္ဒိယ နိုင်ငံသားတစ်ဦးဖြစ်သည့် Vinoo Gopal ဆိုသူမှာ အသက်ရှူမွန်းကြပ်ကာ ရုတ်တရက်အမောဖောက် သေဆုံးခဲ့ကြောင်း၊ဦးဝှေ့တင်းမှ အပ ကျန်သူများကို နိုဝင်ဘာလ ၄ ရက်နေ့ နံနက်   ၅ နာရီ ၄၅ မိနစ်တွင် ပြန်လွှတ်ပေးလိုက်ကြောင်း၊လက်ရှိတွင် ဖမ်းဆီးထားသည့် အရပ်သားသုံ့ပန်းမှာ ဦးဝှေ့တင်း တစ်ဦးသာ ကျန်ရှိကြောင်း ရက္ခိုင့်တပ်တော်(AA)က သတင်းထုတ်ပြန်ထားသည်။

------------------------

Unicode:


နိရဉ်စရာ၊နိုဝငျဘာ ၁၁ /၂ဝ၁၉












ဆက်စပ် သတင်းများ