သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

စစ်တပ်ကဖမ်းဆီးခဲ့သည့် ကျောက်တော်ဒေသခံ ၅ ဦးကို ရဲကိုလွဲပြီး ၄ ဦးကို အကြမ်းဖက်ဥပဒေဖြင့် အမှုဖွင့်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၉ နိုဝင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 1.2k

စိုးဇံအောင်
နိရဥ္စရာ၊နိုဝင်ဘာ ၁၉/၂ဝ၁၉

ရခိုင်ပြည်နယ်၊ကျောက်တော်မြို့နယ်၊သရက်တစ်ပင်တံတားအနီး မိုင်းပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ဖမ်းဆီးခဲ့သည့် အရပ်သား ၅ ဦးထဲမှ တစ်ဦးကို ပြန်လွှတ်ပြီး လေးဦးကို ကျောက်တော်မြို့မရဲစခန်းတွင် ယနေ့ ညနေပိုင်းက အကြမ်းဖက်မှုဥပဒေဖြင့် တပ်မတော်က အမှုဖွင့်လိုက်သည်ဟု သိရသည်။

အကြမ်းဖက်ဥပေဒဖြင့် အမှုဖွင့်ရသူ ၄ ဦးမှာ ရွာမပြင်ကျေးရွာမှ ကိုညီညီစိုး(၃၂)နှစ် (ဘ)ဦးဘဝင်း၊ သရက်တပင် ကျေးရွာမှ ဦးမောင်ကုလား(၄၆)နှစ် (ဘ) ဦးအောင်ညွန့်မောင် ၊စပါးဆိပ်ကျေးရွာမှ မောင်ကြည်လင်း(၁၇)နှစ် (ဘ)ဦးမောင်သန်းမိုး၊ နှင့် မြေပုံမြို့နယ်၊ကန်သာထွက်ဝရပ်ကွက်မှ မောင်လရောင် ဆိုသူတို့ ဖြစ်ကြောင်း ရခိုင်လူ့အခွင့်အရေး ကာကွယ်မြှင့်တင်ရေးအဖွဲ့ ဒါရိုက်တာ ဦးမြတ်ထွန်းက ပြောသည်။

နိုဝင်ဘာလ ၁၃ ရက်နေ့က သရက်တစ်ပင်တံတားအနီး မိုင်းပေါက်ကွဲမှုဖြစ်ပွားပြီး နောက်တစ်နေ့တွင် တပ်မတော်က ကျောက်တော်ဒေသခံ ၄ ဦးနှင့် မြေပုံမြို့နယ်ဒေသခံတစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

ဖမ်းဆီးခဲ့သည့် လူ ၅ ဦးကို ယနေ့နံနက်တွင် တပ်မတော်က  ကျောက်တော်ရဲစခန်းကို လွှဲပြောင်းခဲ့ပြီး ညနေပိုင်းတွင်  ၄ ဦးကို အကြမ်းဖက်မှုဥပဒေဖြင့် အမှုဖွင့်ခဲ့ရာ သရက်တပင်ကျေးရွာသားတစ်ဦးမှာ အာမခံဖြင့် လွတ်မြောက် လာကြောင်း၊ပြန်လွှတ်မြောက်လာသူမှာ ကိုနေမျိုးထွန်း(၃၄)နှစ် ဖြစ်ကြောင်း ဒါရိုက်တာ ဦးမြတ်ထွန်းက ဆက်ပြောသည်။

“ကျွန်တော်တို့ကို လာပြီး မိသားစုဝင်တွေက တိုင်ကြားပြီးတဲ့နောက်မှာ မနေ့က ကျွန်တော်တို့ စုံစမ်း စစ်ဆေးတယ်။ဒီနေ့ ၁၉ ရက်နေ့ကျတော့ ဒီကျောက်တော်ရဲစခန်းကို တပ်မက စစ်သားတွေကလာပြီးတော့ လာပို့တယ်လို့ ကျွန်တော်တို့ သတင်းရတယ်။ ကျွန်တော်တို့ မေးတုန်းက လူ ၄ ယောက်ပဲရှိတယ်။ အခု တစ်ယောက် ထပ်တိုးလာတယ်။ သူတို့ထဲက ကိုနေမျိုးထွန်းကို လွှတ်ပေးလိုက်ပြီး ကျန်တဲ့ လူတွေကို အကြမ်းဖက်ဥပေဒေနဲ့ အမှုဖွင့်တယ်လို့ သိရတယ်”ဟု ဦးမြတ်ထွန်းက နိရဥ္စရာသို့ပြောသည်။

အမှုဖွင့်ခံရသူ ၄ ဦး၏  မိသားစုဝင်များကလည်း အပြစ်တစ်စုံတရာမရှိဘဲ ဖမ်းဆီးခဲ့ခြင်းဖြစ်သည့်အတွက် အမြန်ဆုံးပြန်လွှတ်ပေးရန် တောင်းဆိုကြောင်း ပြောသည်။

ယင်းကိစ္စနှင့် ပတ်သက်ပြီး ကျောက်တော်မြို့မရဲစခန်းမှူးထံသို့ ဖုန်းဖြင့် အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း ဖုန်းပြန်လည်ဖြေကြားခြင်းမရှိခဲ့ပါ။

ရခိုင်ပြည်နယ်တွင် မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော်တို့၏ တစ်နှစ်နီးပါးတိုက်ပွဲကာလအတွင်း AA နှင့် ဆက်စပ်မှုသံသယဖြင့် ဖမ်းဆီးခံခဲ့ရသည့်အရပ်သားဦးရေ ၂ဝဝ ကျော်ရှိကြောင်း ရခိုင်အရပ်ဘက်အဖွဲ့အစည်း များ၏ စာရင်းအရသိရသည်။

--------------------------

Unicode:


နိရဉ်စရာ၊နိုဝငျဘာ ၁၉/၂ဝ၁၉












ဆက်စပ် သတင်းများ