ဗုဒ္ဓဟူး၊ ဧပြီလ ၂၄ရက်၊ ၂၀၂၄

“မင်းပြားတိုင်းဗဟို (၉)အနီးတိုက်ပွဲဖြစ်ပွား၍ ကျေးရွာ ၅ ခုမှ လူပေါင်း ၁ဝဝဝ ကျော်ထွက်ပြေး” သတင်း ဖော်ပြမှုနှင့်ပတ်သက်ပြီး အဓိပ္ပာယ်ကောက်လွဲမှားမှုအတွက် စိတ်မကောင်းဖြစ်ရကြောင်း အသိပေးကြေညာချက်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၆ ဇွန် ၂၀၂၀
  • | ကြည့်ရှုသူ: 10k

    Narinjara သတင်းဌာနမှ မတ်လ ၂၆ ရက်နေ့စွဲဖြင့် “မင်းပြားတိုင်းဗဟို (၉) အနီးတိုက်ပွဲ ဖြစ်ပွား၍ ကျေးရွာ ၅ခုမှ လူပေါင်း ၁ဝဝဝကျော်ထွက်ပြေး” သတင်းတစ်ပုဒ်ရေးသားဖော်ပြခဲ့ပါသည်။ ၎င်းသတင်းနှင့်ပတ်သက်ပြီး ဒုရဲမှူးဝင်းဇော်ထွန်း(သတင်းရဲတပ်ဖွဲ့)က သတင်းမီဒီယာပုဒ်မ(၉)၊ပုဒ်မခွဲ(ဇ)အရ “ဇာတိ၊ ကိုးကွယ်ရာဘာသာ၊ လူမျိုးတစ်မျိုးကိုအကြောင်းပြု၍ ပဋိပက္ခဖြစ်စေနိုင်သော လှုံ့ဆော်ရေးသားမှုမှ ရှောင်ကြဉ်ခြင်း”ပါ သတင်းမီဒီယာသမားတစ်ဦး၏ တာဝန်နှင့် ကျင့်ဝတ်သိက္ခာကို တာဝန်ရှိသူ အယ်ဒီတာချုပ်မှ ချိုးဖောက်သည့်အတွက်  မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီသို့ ညှိနှိုင်းဖြေရှင်းပေးရန်တိုင်ကြားခဲ့ပြီး Narinjara သတင်းဌာနကလည်း မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီထံသွားရောက်တွေ့ဆုံပြီး အခြေအနေများကို ရှင်းလင်းဖြေရှင်းခြင်းများပြုလုပ်ခဲ့ပါသည်။ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ၏ လမ်းညွှန်ချက်နှင့် ညှိနှိုင်းဖြေရှင်းချက်အရ အောက်ပါအသိပေးကြေညာချက်ကို ထုတ်ပြန်အပ်ပါသည်။

Narinjara သတင်းဌာန၏ အသိပေး ကြေညာချက်

-----------------------------------

၁။ “မင်းပြားတိုင်းဗဟို (၉)အနီးတိုက်ပွဲဖြစ်ပွား၍ ကျေးရွာ ၅ခုမှ လူပေါင်း ၁ဝဝဝကျော်ထွက်ပြေး”သတင်းကို နိရဥ္စရာသတင်းဌာနမှ ဒေသခံအတွင်းက အုပ်ချုပ်ရေးမှူးနှင့် ဒေသခံပြည်သူများနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအား မေးမြန်းရေးသားခဲ့ခြင်းဖြစ်ပါသည်။ 

၂။ ထိုသို့ရေးသားရာတွင် သတင်းမီဒီယာဥပဒေ အခန်း (၄) သတင်းမီဒီယာသမားများ လိုက်နာရမည့်တာဝန်နှင့်ကျင့်ဝတ်များ၊ ပုဒ်မ (၄) ပုဒ်မခွဲ (ခ)အရ နိုင်ငံသားတိုင်းသိခွင့်ရှိသော သတင်းအချက်အလက်များနှင့် သဘောထားအမြင်များကို ကျင့်ဝတ်စည်းကမ်းနှင့်အညီ စုံစမ်း၊ ဖော်ထုတ်ရေးသားခွင့်နှင့် သတင်းထုတ်လွှင့်ခွင့်တို့ရှိသည်ဆိုသည့် ပုဒ်မအရသော်လည်းကောင်း၊ 

၃။ အခန်း(၄) ပုဒ်မ (၉)၊ပုဒ်မခွဲ (က)အရ သတင်းမီဒီယာသမားတစ်ဦးသည် ကျင့်ဝတ်စည်းကမ်းများကို သတင်းအချက်အလက်တိကျမှန်ကန်စေရန်နှင့် တတ်နိုင်သမျှပြည့်စုံရန် စိစစ်ခြင်းဟု ဖော်ပြပါရှိသည့် ပုဒ်မအရသော်လည်းကောင်း၊

၄။ သတင်းမီဒီယာ ဥပဒေ စာမျက်နှာ ၄၁၊ ပုဒ်မ (၉)အရ မေးမြန်းရရှိခဲ့သည့် အင်တာဗျူးများကို စီစဉ်ခြင်း၊ မေးမြန်းခြင်းနှင့်တည်းဖြတ်ခြင်းတို့ကို မျှတရိုးဖြောင့်စွာ ဆောင်ရွက်ခဲ့ပါသည်။ 

၅။ Narinjara မှ ရေးသားတင်ပြခဲ့သော “ မင်းပြားတိုင်းဗဟို (၉) အနီးတိုက်ပွဲဖြစ်ပွား၍ ကျေးရွာ ၅ခုမှ လူပေါင်း ၁ဝဝဝကျော်ထွက်ပြေး”သတင်းသည် သတင်းဖြစ်စဉ်အပေါ် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအပါအဝင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ဒေသခံပြည်သူများကိုမေးမြန်းပြီးမှ လွတ်လပ်သောသတင်းမီဒီယာတစ်ခုဖြစ်သည်နှင့်အညီ အများပြည်သူများသိရှိနိုင်ရန်ရေးသားထုတ်လွှင့်ခဲ့ခြင်းသာဖြစ်ပြီး အစိုးရ၊ တပ်မတော်၊ ပြည်သူများအကြား စိတ်ဝမ်းကွဲပြားစေလိုသောရည်ရွယ်ချက်များဖြင့်ရေးသားခြင်းမဟုတ်သည့်အပြင်  ဇာတိ၊ ကိုးကွယ်ရာဘာသာ၊ လူမျိုးတစ်မျိုးကို အကြောင်းပြု၍ ပဋိပက္ခဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် လှုံ့ဆော်ရေးသားမှုမျိုး (လုံးဝ) မရှိပါ။

၆။ မြန်မာသတင်းမီဒီယာကောင်စီ သတင်းမီဒီယာကျင့်ဝတ် စာမျက်နှာ ၃၆ (၁.၂) အရ အကယ်၍ မတိကျသော၊ အနက်ကောက်လွဲစေသော၊ ပုံဖျက်ထားသော အချက်အလက်များကို ဖော်ပြမိပါကလည်း အချိန်မဆိုင်းဘဲ ပြင်ဆင်ချက် ထုတ်ပြန်ရမည်ဟု ဖော်ပြပါရှိပါသည်။  

၇။ Narinjara သတင်းဌာနမှ ၎င်းသတင်းအား သတင်းမီဒီယာဥပဒေ၊ ကျင့်ဝတ်များအတိုင်း လိုက်နာရေးသားသော်လည်း တစ်ဖက်အဖွဲ့အစည်းအတွက် အနက်အဓိပ္ပာယ်ကောက်လွဲမှားမှုကို ဖြစ်စေသည်ဟုသိရှိရသဖြင့် အဆိုပါသတင်းနှင့်ပတ်သက်ပြီး Narinjara သတင်းဌာနအနေဖြင့် များစွာ စိတ်မကောင်းဖြစ်ရပါကြောင်း ထုတ်ပြန်အပ်ပါသည်။ 


အယ်ဒီတာအဖွဲ့

Narinjara News (နိရဥ္စရာသတင်းဌာန)

ဆက်စပ် သတင်းများ