ဖမ်းဆီးခံထားရသည့် မအီမြို့ ANP ဥက္ကဋ္ဌ ဦးမျိုးလွင် ပြန်လွတ်လာပြီ

ခိုင်လူလှ (ရိုးမမြေ)
နိရဥ္စရာ၊ ဇူလိုင် ၂ဝ/၂ဝ၂ဝ
တစ်လကျော်ကြာ မိသားစုနှင့် အဆက်အသွယ်မရဘဲ ဖမ်းဆီးခံခဲ့ရသော တောင်ကုတ်မြို့နယ်၊ မအီမြို့ ရခိုင်အမျိုးသားပါတီ (ANP) ဥက္ကဋ္ဌ ဦးမျိုးလွင်သည် ဇူလိုင် ၁၂ ရက်နေ့က ပြန်လွတ်လာပြီဟု ဇနီးဖြစ်သူ ဒေါ်မာမာဝင်းက ပြောဆိုသည်။
“ဆရာတို့ ဇူလိုင် ၁၁ ရက်နေ့ သတင်းတင်တယ်။ ဇူလိုင်လ ၁၂ ရက်နေ့မှာ ပြန်လွတ်လာပါတယ်။ အမ်းကနေ ပြန်လွှတ်ပေးလိုက်တာပါ။ အခု အပြင်သွားပါတယ်” ဟု ဒေါ်မာမာဝင်းက ပြောဆိုသည်။
ဦးမျိုးလွင်ကို ဇွန်လ ၉ ရက်နေ့က လုံခြုံရေး တပ်ဖွဲ့ဝင်များမှ ဖမ်းဆီးသွားခဲ့ပြီး တစ်လကျော်ကြာ မိသားစုနှင့် အဆက်အသွယ်မရဘဲ ရှိနေခဲ့သဖြင့် မိသားစုများအကြား အထူးစိုးရိမ်ခဲ့ကြရသည်ဟု သူမက ပြောဆိုသည်။
“ သူ့ကို ဇွန်လ ၉ ရက်နေ့ ညဉ့်သန်းခေါင်းကျော်မှာ အိမ်မှာ အိပ်နေရာနေ နိုးပြီး ဖမ်းဆီးခေါ်ဆောင်သွားတာပါ။ တစ်လလောက် မိသားစုနဲ့ အဆက်အသွယ် မရရှိခဲ့ပါ။ အခု ပြန်လွတ်လာတော့ ဝမ်းသာရပါတယ်” ဟု ဒေါ်မာမာဝင်းက ပြောဆိုသည်။
ကိုမျိုးလွင်အား ဖမ်းဆီးသည့်နေ့က မအီမြို့ အမှတ်(၃) ရပ်ကွက် အုပ်ချုပ်ချုပ်ရေးမှူး၊ မအီစခန်းမှ ဒုရဲအုပ် တစ်ဦးနှင့် စကခမှ ဗိုလ်ကြီးတစ်ဦးတို့ ဦးဆောင်ပါဝင်ပြီး လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် အတူ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်သည်။