သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

ကျောက်တော်မြို့နယ်မှ ဘုရားပေါင်းနှင့်တောင်ပေါက်ရွာကို AA က မီးရှို့ဟု နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၉ စက်တင်ဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 726

ခိုင်လူလှ (ရိုးမမြေ)
နိရဥ္စရာ၊ စက်တင်ဘာ ၉/၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်မှ ဘုရားပေါင်းနှင့်တောင်ပေါက်ရွာကို AA က မီးရှို့သည်ဟု ယနေ့ စက်တင်ဘာ ၉ ရက်နေ့ထုတ် နိုင်ငံပိုင် ကြေးမုံသတင်းစာတွင် ဖော်ပြသည်။

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်မှ ဘုရားပေါင်းနှင့်တောင်ပေါက်ရွာမှ နေအိမ်တချို့ မီးရှို့့ဖျက်ဆီးခံရမှုမှာ AA များကမီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်ဟု စစ်ဆေးသိရှိရကြောင်း  တပ်မတော်သတင်းမှန်ပြန်ကြာရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက်ကို ကိုးကားပြီး ကြေးမုံက သတင်းဖော်ပြသည်။

အဆိုပါ ကြေးမုံသတင်းစာတွင် တပ်မတော်သတင်းမှန်ပြန်ကြာရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက်ကိုးကား ဖော်ပြရာတွင် လတ်တလောတချို့ လူမှုကွန်ရက်စာမျက်နှာများတွင် ကျောက်တော်မြို့နယ် ဘုရားပေါင်းနှင့်တောင်ပေါက်ရွာတို့အား တပ်မတော်က ရွာလုံးကျွတ်မီးရှို့့ခဲ့သည်ဆိုသည့် သတင်းမှားများအား အဖွဲ့အစည်းတချို့က လုပ်ကြံသတင်းများ ဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရကြောင်း၊ ကျောက်တော်မြို့နယ် အတွင်းရှိ တပ်မတော်သားများနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များသည် စက်တင်ဘာ ၃ ရက်တွင် မြို့တွင်း လုံခြုံရေး ဆောင်ရွက်ပြီး အပေါက်ဝရဲစခန်း၌ လုံခြုံရေး တာဝန်ထမ်းဆောင်မည့် ရဲတပ်ဖွဲ့ဝင်များအား ပို့ကြိုဆောင်ရွက်စဉ် တောင်ပေါက်ရွာနှင့် ဘုရားပေါင်းကျေးရွာ ပတ်ဝန်းကျင်၌ AA အဖွဲ့ဝင်များက မိုင်းထောင်ဖောက်ခွဲ တိုက်ခိုက်မှု သုံးကြိမ် ပြုလုပ် တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး ဖြစ်စဉ်တွင် လုံခြုံရေး တပ်ဖွဲ့ဝင်တချို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ရာ အရပ်ဝတ် ဝတ်ဆင်ထားသည့် AA အဖွဲ့ဝင် နှစ်ဦးအား လက်နက်ခဲယမ်းများနှင့်အတူ အသေပစ်ခတ်ဖမ်းဆီးရမိခဲ့သည်ကို စက်တင်ဘာ ၆ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့ကြောင်း ဖော်ပြသည်။

ယင်းအပြင် လူမှုကွန်ရက် သတင်းမှားများအား စိစစ်နိုင်ရေး အတွက် စက်တင်ဘာ ၇ရက် ညပိုင်း ဘုရားပေါင်းနှင့်တောင်ပေါက်ရွာကျေးရွာ အတွင်း မီးလောင်ကျွမ်းခဲ့မှု အခြေအနေအား မြေပြင် စစ်ဆေးမှုများ၊ ဒရုန်းများဖြင့် စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရွာလုံးကျွတ် မီးလောင်ကျွမ်းခြင်း မဟုတ်ဘဲ လူနေအိမ်တချို့ကိုသာ ရွေးချယ် မီးရှို့ဖျက်ဆီးထားသည်ကို စစ်ဆေးတွေ့ရှိခဲ့ရပြီး ဒေသခံပြည်သူ လူတချို့၏ ပြောပြချက်အရ AA အနေဖြင့် ၎င်းတို့အပေါ် ထောက်ခံမှု မရှိသည့် ဒေသခံပြည်သူများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု သိရှိရကြောင်း ဖော်ပြထားသည်။

အဆိုပါ ကြေးမုံသတင်းစာတွင် ရေးသားဖော်ပြမှုနှင့် ပတ်သက်ပြီး ကျောက်တော်မြို့နယ် အမှတ် (၅) မဲဆန္ဒနယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်နိုင်က “ အောက်ခြေမှာရှိတဲ့ ရွာသားတွေ၊ အောက်ခြေရှိတဲ့ အရပ်သားတွေ ပြောတဲ့စကားက ဘယ်သူရှို့တယ်၊ ဘယ်သူ လုပ်တယ်၊ ဘယ်သူကိုင်တယ်ဆိုတဲ့ ဥစ္စာကို အကုန်သိနေပီးသားဘဲ။ သတင်းစာတွေမှာပါတဲ့ဟာတွေကတော့ သူတို့ ထုတ်ရိုးထုတ်စဉ်၊ လုပ်ရိုးလုပ်စဉ် အတိုင်း လုပ်တယ်လို့ဘဲ ကျွန်တော်မြင်တယ်။အဲဒါကတော့” ဟု ပြောဆိုသည်။

မီးရှိုခံရမှုကြောင့် ဘုရားပေါင်းရွာတွင် အိမ်ခြေ ၁၁ဝ၊ တောင်ပေါက်ရွာတွင် အိမ်ခြေ ၆၉ ဆောင် မီးရှို့ဖျက်ဆီးခံခဲ့ရပြီး လူပေါင်း တစ်ထောင်ကျော် အိုးမဲ့အိမ်မဲ့ဖြစ်သွားခဲ့သည်ဟု ဦးမြင့်နိုင်က ပြောကြားသည်။

ဆက်စပ် သတင်းများ